ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်းက တရုတ်နိုင်ငံသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သိန်းခွဲနီးပါး တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၇၃,၇၂၃ တန်နှင့် ဆန်ကွဲတန်ချိန် ၇၃,၉၈၃ တန် တင်ပို့ခဲ့ပြီး နိုင်ငံအလိုက် ဆန်နှင့် ဆန်ကွဲတင်ပို့မှုတွင်လည်း တရုတ်နိုင်ငံကို အများဆုံးတင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၏ ဒီဇင်ဘာလအတွင်း ပြည်ပနိုင်ငံအသီးသီးသို့ ဆန်တန်ချိန် ၂၃၀,၀၀၀ ကျော်နှင့် ဆန်ကွဲ တန်ချိန် ၁၀၀,၀၀၀ ကျော်တင်ပို့ခဲ့ရပြီး အဆိုပါတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၉ သန်းရရှိခဲ့ကြောင်း သိရသည်။၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၏ ဧပြီလမှ ဒီဇင်ဘာလအထိ ၉ လအတွင်း ပြည်ပနိုင်ငံအသီးသီးသို့ ဆန်နှင့် ဆန်ကွဲ စုစုပေါင်းတန်ချိန် ၂ သန်းကျော်တင်ပို့ခဲ့ရပြီး အမေရိကန်ဒေါ်လာ ၆၇၅ သန်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။



