အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ်၊ စိန့်ပေါမြို့မှာ ရွှေ့ပြောင်းနေထိုင်သူ မြန်မာအမျိုးသမီးတစ်ဦးကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန် စည်းကြပ်မှု အေဂျင်စီ (ICE)က ဇန်နဝါရီ ၁၀ ရက်မှာ သူမရဲ့ နေအိမ်ထဲအထိ ၀င်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူ အမျိုးသမီးဟာ မြန်မာနွယ်ဖွား ကရင်လူမျိုးဖြစ်သလို၂၀၂၄ နိုဝင်ဘာမှာUNHCR ရဲ့ အစီအစဉ်နဲ့ မင်နီဆိုးတားပြည်နယ်ကို ပြောင်းရွှေခိုလှုံခဲ့တာဖြစ်တယ်လို့ အမေရိကန်အခြေစိုက်မြန်မာသတင်းဌာနဖြစ်တဲ့ မြန်မာဂေဇက်က ဖော်ပြပါတယ်။ ဖမ်းဆီးခံရသူ အမျိုးသမီးရဲ့ခင်ပွန်းဖြစ်သူကို ICE အဖွဲ့က မှတ်ပုံတင် အရင်တောင်းပြီး အိမ်ခန်းကို လိုက်ပြခိုင်းခဲ့ပါတယ်။ အဲဒီနောက် အိမ်ခန်းကို ဝင်ရောက်စစ်ဆေးခဲ့ပြီးစာရွက်စာတမ်း အထောက်အထားတွေကို ပြသနိုင်ခဲ့ပေမယ့်လည်း ICE တပ်ဖွဲ့တွေက လက်ထိပ်ခတ်လျက်အနေအထားနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။



