မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာတွင် ဇန်နဝါရီလ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် နေအိမ် ၅၇ လုံး ဆုံးရှုံးခဲ့ရသည့် မီးဘေးသင့်ပြည်သူများအား မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများက ဇန်နဝါရီလ ၉ ရက် နံနက်ပိုင်းတွင် သွားရောက်တွေ့ဆုံကာ အလှူငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းငွေ သိန်း ၉၁၀ အပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနက ထောက်ပံ့သည့် သိန်း ၁,၁၇၀ ကျော်တန်ဖိုးရှိ ငွေကြေးနှင့် ပစ္စည်းများ၊ ကြံ့ခိုင်ရေးပါတီနှင့် ကြက်ခြေနီအသင်းတို့၏ လှူဒါန်းမှုများကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် မုဒုံနှင့် မော်လမြိုင်မြို့နယ်များမှ လူမှုကယ်ဆယ်ရေးအသင်းများနှင့် အလှူရှင်များကလည်း မီးဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် အဝတ်အထည်များကို အင်တိုက်အားတိုက် ဆက်လက်ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရှိရပါသည်။


