တနင်္သာရီတိုင်း၊လောင်းလုံးမြို့အနောက်ဘက်တွင် ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်မှ စတင်ကာ တောမီးလောင်ကျွမ်းနေပြီး ရော်ဘာခြံများအနီးသို့ ကူးစက်လာနေကြောင်း ဥယျာဉ်ခြံပိုင်ရှင်အချို့ထံမှ သိရသည်။လောင်းလုံးမြို့၊ ပန်းတောဝဘုန်းကြီးကျောင်းမှ ပညစ်ကျေးရွာဘက်သို့ သွားသည့်လမ်း၊ ဒေသအခေါ် သရက်ငါးပင်နေရာတွင် တောမီးလောင်နေခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။အဆိုပါနေရာအနီးတွင် ဒေသခံများ၏ ရော်ဘာခြံ ဧကအမြောက်အမြားရှိနေပြီး ရော်ဘာစေးခြစ်နေကြသည်။မည်သည့်နေရာမှ စတင်လောင်ကျွမ်းသည်ကို မသိရသေးသည့် အဆိုပါတောမီးမှာ လောင်းလုံးမြို့ဘက်ခြမ်းသို့ ဦးတည်နေပြီး လက်ရှိတွင် ရော်ဘာခြံများအနီးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဥယျာဉ်ခြံပိုင်ရှင်တစ်ဦးက ယမန်နေ့ ညနေ ၃ နာရီကျော်အချိန်တွင် ပြောကြားသည်။ယခု တောမီးလောင်ကျွမ်းနေသည့်နေရာမှာ ယခင်က မကြာခဏ မီးလောင်ဖူးသော်လည်း မီးမလောင်သည်မှာ ငါးနှစ်ဝန်းကျင်ခန့် ရှိနေပြီဖြစ်ကြောင်း ဥယျာဉ်ခြံပိုင်ရှင်တို့က ပြောဆိုသည်။



