ဂျပန်နိုင်ငံ၏ သက်တမ်းရင့် မုန့်လုပ်ငန်းကြီးတစ်ခုဖြစ်သော Sakakaku Sohonpo မှ ထုတ်လုပ်သည့် "Nagoya Tempura" အမည်ရှိ ပုစွန်မုန့်သည် ဝန်ကြီးချုပ် ဆာနာအဲ တာကအိချိ ကြောင့် လူအများ၏ စိတ်ဝင်စားမှုကို ရရှိနေကြောင်း သိရသည်။
ဂျပန်ဝန်ကြီးချုပ် တာကအိချိ သည် အိဆဲဘုရားကျောင်း (Ise Shrine) သို့ သွားရောက်စဉ် အဆိုပါ ပုစွန်မုန့်ထုပ်ကို ကိုင်ဆောင်ထားသည့် ဓာတ်ပုံတစ်ပုံ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီးနောက်၊ စားသုံးသူများအကြား ၎င်းမုန့်ကို ဝယ်ယူလိုသည့် ဆန္ဒများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။အဆိုပါကိစ္စနှင့် ပတ်သက်၍ မုန့်ထုတ်လုပ်သည့် ကုမ္ပဏီက ၎င်းတို့၏ တရားဝင် X (Twitter) အကောင့်မှတစ်ဆင့် ပြန်လည်ရှင်းလင်းရာတွင် - ဤမုန့်သည် နာဂိုရာ ဘူတာ (Nagoya Station) တွင်သာ သီးသန့်ရောင်းချသည့် Exclusive Product ဖြစ်ကြောင်း၊ အွန်လိုင်း သို့မဟုတ် အခြားကုန်တိုက်ကြီးများတွင် ဝယ်ယူ၍မရနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။
ကုမ္ပဏီဘက်က ယခုကဲ့သို့ စိတ်ဝင်စားမှုရရှိသည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် နာဂိုရာမြို့၏ ဒေသထွက် အစားအသောက်များကို လာရောက်စားသောက်ကြည့်ရန် ဖိတ်ခေါ်ထားသည်။ သို့သော် အဆိုပါမုန့်မှာ အကန့်အသတ်ဖြင့်သာ ထုတ်လုပ်သဖြင့် ဝယ်ယူလိုသူများအနေဖြင့် အလျင်အမြန် ကုန်စင်သွားနိုင်ကြောင်းကိုလည်း သတိပေးထားသည်။လက်ရှိတွင် ဝန်ကြီးချုပ်၏ ဓာတ်ပုံကြောင့် အဆိုပါမုန့်သည် နာဂိုရာမြို့၏ နာမည်ကျော် လက်ဆောင်မွန်တစ်ခုအဖြစ် ပိုမိုရေပန်းစားလာခဲ့သည်။



