ယမန်နေ့က မြန်မာနိုင်ငံပြည်တွင်းကိုဗဟိုပြု၍ တစ်ရက်အတွင်းငလျင်ငါးခုလှုပ်ခတ်ခဲ့ကြောင်း ပြည်ပမိုးလေဝသ ငလျင်သတင်းများအရသိရသည်။အင်အား ၄ ဒသမ ၄ အဆင့်ရှိသည့် ငလျင်တစ်ခုနှင့်အတူ၊ စုစုပေါင်းငလျင်(၅)ခုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းသတင်းများကဆိုသည်။မနက်မိုးမလင်းခင်ကစပြီး လှုပ်တယ်၊ ငလျင်ငါးခုလှုပ်တာမန္တလေးကနေအကုန်သိရတယ်၊ တစ်ရက်အတွင်း ငါးကြိမ်ဆိုတော့…ပြည်သူတွေလည်းငလျင်သတိနဲ့နေကြပါ၊ ကျွန်တော်တို့ဘက်ကလည်း အရေးအကြောင်းဆို အသင့်ဖြစ်နေအောင် Standby လုပ်ထားပါတယ်” ဟု ငလျင်သတင်းစောင့်ကြည့်လေ့လာသူ မန္တလေးမြို့ အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတစ်ခုမှသတင်းအရင်းအမြစ်ကပြောသည်။ဇန်နဝါရီ၇ရက်ရဲ့နံနက် ၄ နာရီ ၅၂ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နှင့်(၈)မိုင်ခန့်အကွာကိုဗဟိုပြု၍ အင်အား ၃ ဒသမ ၇ အဆင့်ဖြင့်လည်းကောင်း၊ နံနက် ၆ နာရီ ၁၂ မိနစ်ခန့်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းလုံမြို့နှင့်(၈) မိုင်ခန့်အကွာကိုဗဟိုပြု၍ အင်အား ၂ ဒသမ ၄ အဆင့်ဖြင့်လည်းကောင်း၊ နေ့လယ် ၂ နာရီ ၀၃ မိနစ်ခန့်တွင် ပုဂံမြို့မြောက်ဘက်(၅)မိုင်ခန့်အကွာ မကွေးတိုင်းဒေသကြီး မြစ်ခြေမြို့နယ် ဘဲကြီးစံပြကျေးရွာအနီးဗဟိုပြု၍ အင်အား ၄ ဒသမ ၄ အဆင့်ဖြင့်လည်းကောင်း၊ ထို့နောက် ည ၈ နာရီ ၄၀ မိနစ်ခန့်တွင်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ပန်လုံမြို့နှင့်(၁၉)မိုင်ခန့်အကွာကိုဗဟိုပြု၍ အင်အား ၂ ဒသမ ၇ အဆင့်ဖြင့်လည်းကောင်း၊ ည ၁၁ နာရီ ၃၁ မိနစ်ခန့်တွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နှင့်(၄)မိုင်ခန့်အကွာကိုဗဟိုပြု၍ အင်အား ၂ ဒသမ ၂ အဆင့်ဖြင့်လည်းကောင်း၊ အသီးသီးတစ်ကြိမ်စီလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတကာမြေငလျင်စခန်းများနှင့် မြေငလျင်ဆိုင်ရာ Application များအရ သိရသည်။အဆိုပါငလျင်လှုပ်ခတ်ခဲ့မှုတို့နှင့်ပတ်သက်၍ ပြည်တွင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက၊ ယနေ့ နံနက်ပိုင်းအထိ သတင်းတစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိသေးပေ။ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ တစ်ပတ်တာအတွင်း၊ မြန်မာနိုင်ငံပြည်တွင်းကိုဗဟိုပြု၍ အင်အားအသင့်အတင့်ငလျင်တစ်ခုအပါအဝင် (၂၀)ထက်မနည်းလှုပ်ခတ်ထားကြောင်း ပြည်တွင်းပြည်ပငလျင် သတင်းများအရသိရသည်။



