ချင်းတွင်းမြစ် မုံရွာမှ ဟုမ္မလင်းမြို့သို့ ဆန်တက်လာတဲ့ ကုန်တင်အမြန်ရေယာဉ်အစင်း နှစ်ရာကျော်ဟာ ကလေးခရိုင်အတွင်းမှာ ပိတ်မိနေတာသုံးလဝန်းကျင်ကြာမြင့်ခဲ့ပြီးမှ ဟုမ္မလင်းမြို့ကို ဒီနေ့မှာ ဆိုက်ရောက်မှုတွေရှိလာခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အမြန်ယာဉ်တွေဟာ ကလေးဝမြို့နယ်ဂဇက်ကျေးရွာက စစ်ဆေးရေးဂိတ်မှာ ၂၀၂၅ ခုနှစ် စက်တင်ဘာလကတည်းက ပိတ်ဆို့ခံထားရပြီး ဒီဇင်ဘာလမှာပြန်လည်လွှတ်ပေးခဲ့တာလို့သိရပါတယ်။ ဒီလိုပြန်လွှတ်ပေးရာမှာလည်း မော်လိုက် ၊ ဖောင်းပြင် စတဲ့ဒေသက လက်နက်ကိုင်တပ်တွေကို အခွန်အသီးသီးပေးဆောင်ခဲ့ရပြီး လမ်းပိုင်းမှာလည်း ထပ်မံပိတ်ဆို့မှုတွေဖြစ်ပွားခဲ့တယ်လို့ စက်လှေနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။ ကုန်စည်သယ်ဆောင်ရေးရဲ့ အဓိကလမ်းကြောင်းတစ်ခုဖြစ်တဲ့ ရေလမ်းကြောင်းတွေပိတ်ဆို့ခံရမှုတွေကြောင့် ဟုမ္မလင်းမြို့ရဲ့ ကုန်စျေးနှုန်းတွေဟာ တခြားဒေသထက် သုံးဆကျော် စျေးမြင့်တက်နေတာလည်းဖြစ်ပါတယ်။



