စင်ကာပူနိုင်ငံမှာ မူးယစ်ဆေးဝါးအလားသဏ္ဌာန် အာနိသင်ရှိတဲ့ Etomidate လို့ခေါ်တဲ့ ဓာတုပစ္စည်းပါဝင်တဲ့ (Kpod) လို့ လူသိများတဲ့ အီလက်ထရောနစ် ဆေးလိပ်တွေကို လက်ဝယ်ထားရှိမှုနဲ့ အသက် (၂၃) နှစ်အရွယ်ရှိတဲ့ Tang Yu Ling ဆိုသူ အမျိုးသမီးကို ဇန်နဝါရီလ (၆) ရက်နေ့မှာ စင်ကာပူတရားရုံးက ထောင်ဒဏ် တစ်ပတ် ချမှတ်လိုက်ပါတယ်။ ဤအမှုဟာ အဆိုပါ (Kpod) လက်ဝယ်တွေ့ရှိပြီးနောက် အစိုးရက သတ်မှတ်ထားတဲ့ မတက်မနေရ ပြန်လည်ထူထောင်ရေး သင်တန်းကို တက်ရောက်ဖို့ ပျက်ကွက်ခဲ့တာကြောင့် တရားစွဲဆို ထောင်ဒဏ်ချမှတ်ခံရတဲ့ ပထမဆုံးအကြိမ်မြောက် အမှုဖြစ်တယ်လို့ ကျန်းမာရေးသိပ္ပံအာဏာပိုင်အဖွဲ့ (HSA) က ထုတ်ပြန်ထားပါတယ်။ဖြစ်စဉ်မှာ Tang Yu Ling ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့က သူမရဲ့ နေအိမ်မှာ Etomidate ပါဝင်တဲ့ ဆေးလိပ် (Kpod) ကို လက်ဝယ်ထားရှိမှုနဲ့ ဖမ်းဆီးခံခဲ့ရတာပါ။ အဆိုပါပစ္စည်းကို Telegram ကနေတစ်ဆင့် ဝယ်ယူခဲ့တာဖြစ်ပြီး ၎င်းထဲမှာ မေ့ဆေးအဖြစ် သုံးလေ့ရှိတဲ့ Etomidate ဓာတ်ပါဝင်မှန်းကိုလည်း သူမက သိရှိထားတာ ဖြစ်ပါတယ်။ လက်ရှိ စင်ကာပူနိုင်ငံရဲ့ ဥပဒေအရ Etomidate ပါဝင်တဲ့ ဆေးလိပ်တွေကို လက်ဝယ်ထားရှိရင် ဒဏ်ငွေ ဒေါ်လာ (၁၀,၀၀၀) အထိ ဖြစ်စေ၊ ထောင်ဒဏ် (၂) နှစ်အထိ ဖြစ်စေ၊ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်တယ်လို့ သိရပါတယ်။
Jan 07 • 2:46 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


