စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ် သတ်မှတ်ထုတ်ပြန်ပေးတဲ့ စားအုန်းဆီတစ်ပိဿာရည်ညွှန်းဈေးနှုန်းများရဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလကုန် အထိ တစ်နှစ်တာ ကာလအတွင်း စာရင်းများအရ ငွေကျပ် ၁,၀၀၀ အထိကျဆင်းခဲ့ကြောင်း သိရပါတယ်။ လအလိုက် အမြင့်ဆုံး စားအုန်းဆီတစ်ပိဿာရည်ညွှန်း ဈေးနှုန်းများအနေဖြင့် ဇန်နဝါရီလမှာ ၇,၂၈၀ ကျပ် ရှိခဲ့ပြီး ဖေဖော်ဝါရီလမှာ ၇,၂၄၅ ကျပ် ၊ မတ်လမှာ ၆,၉၀၅ ကျပ်၊ ဧပြီလမှာ ၆,၇၉၅ ကျပ်၊ မေလမှာ ၆,၇၀၀ ကျပ်၊ ဇွန်လပိုင်းမှာ ၆,၃၉၀ ကျပ်၊ ဇူလိုင်လမှာ ၆,၀၆၀ ကျပ်၊ ဩဂုတ်လမှာ ၆,၃၀၀ ကျပ်၊ စက်တင်ဘာလမှာ ၆,၆၁၀ ကျပ်၊ အောက်တိုဘာလမှာ ၆,၅၈၅ ကျပ်၊ နိုဝင်ဘာလမှာ ၆,၄၁၀ ကျပ်နှင့် ဒီဇင်ဘာလမှာ ၆,၂၈၀ ကျပ်အထိ အသီးသီးရှိခဲ့တာဖြစ်ပါတယ်။အဆိုပါ စာရင်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ စားအုန်းဆီ တစ်ပိဿာရည်ညွှန်း ဈေးနှုန်းဟာ အမြင့်ဆုံးမှာရှိခဲ့ပြီး နှစ်ကုန် ဒီဇင်ဘာလမှာတော့ ငွေကျပ် ၁၀၀၀ အထိ လအလိုက် အနည်းငယ်စီ ကျဆင်းခဲ့တာဖြစ်ပါတယ်။
စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ လက်ရှိ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ပထမအပတ်ဖြစ်တဲ့ ဇန်နဝါရီလ ၂ ရက်နေ့မှ ၈ ရက်နေအထိ စားအုန်းဆီ တစ်ပိဿာလျှင် ၆,၀၆၀ ကျပ်ဖြင့် ရောင်းချဖို့ကိုလည်း ဇန်နဝါရီလ ၁ ရက်နေ့က ထုတ်ပြန်အသိပေးထားတယ်လို့ သိရပါတယ်။မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း(MEODA) အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင် (၁၄)ခရိုင်မှ မြို့နယ် (၄၄) မြို့နယ်အတွက် Call Center များဖွင့်လှစ်ကာ အိမ်တိုင်ရာအရောက် စနစ်နဲ့ အိမ်ထောင်စုတစ်စုလျှင် တစ်လ ၅ လီတာဘူးဖြင့် ၂ ပိဿာ ၅၀ ကျပ်သားနှုန်းဖြင့်ရောင်းချပေးနေတယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်း စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့်လည်း ရောင်းချပေးလျက်ရှိနေတယ်လို့ သိရပါတယ်။



