ရှမ်းပြည်နယ်မြောက်ပိုင်း၊ချင်းရွှေဟော်ဂိတ်ကနေ နေ့စဉ် ပို့ကုန်တင်ယာဉ် အစီးရေ ၂၀၀ ကျော် တရုတ်ဘက် ကုန်တင်ပို့နေပြီး အဓိက စိုက်ပျိုးရေးထွက်ကုန်ဖြစ်တဲ့ ကြံ နဲ့ ပြောင်း ကုန်တင်ကားတွေ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ပို့ကုန်ကားတွေထဲမှာ ကြံတင်ကားတွေ ၅၀ ရာခိုင်နှုန်းကျော် ရှိပြီး ပြောင်း တင်ကားတွေက ၄၀ ရာခိုင်နှုန်း ခန့်ပါဝင်ကာ ပြောင်းကား တွေကို ဦးစား ပေးဖြတ်သန်းစေတယ်လို့ ဆိုပါတယ်။ ဖောင်းဆိုင်၊ မုံးကိုး၊ ပန်ဆိုင်း (ကြူကုတ်) နဲ့ ချင်းရွှေဟော် စသဖြင့် တရုတ် နဲ့ထိစပ်နေတဲ့ ဒေသတွေမှာ တရုတ် နိုင်ငံသား လုပ်ငန်းရှင်တွေရဲ့ ကြံတွေ စိုက်ကြတာလို့ ဆိုပါတယ်။ နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေနဲ့ နယ်စပ်ကို အမှီပြု အသက်မွေးဝမ်း နေကြရသူတွေ အပါအဝင် ကုန်တင် ယာဉ်မောင်းတွေကတော့ သီပေါတံတား ပြန်ဖွင့်ပေးဖို့ မျှော်လင့်နေပြီး တံတားဖွင့်၊ လမ်းပွင့်ရင် နယ်စပ်ကုန်သွယ်ရေးလည်း ပုံမှန် ပြန်လည် လည်ပတ်လာနိုင်ဖို့ မျှော်လင့်နေကြကြောင်း ပြောပါတယ်။



