စင်ကာပူတွင် ယမန်နေ့ ဇန်နဝါရီလ ၄ရက်နေ့ နေ့လယ် ၁ နာရီ ၅၅ မိနစ်ဝန်းကျင်အချိန်ခန့်မှာ 1, Park Road / People's Park Complex မှာ မီးလောင်မှုဖြစ်ပွားနေကြောင်း စင်ကာပူမြို့ပြကာကွယ်ရေးတပ်ဖွဲ့ (SCDF) ထံ သတင်းပေးပို့ချက် ရောက်ရှိလာခဲ့ပါတယ်။မီးသတ်တပ်ဖွဲ့ဝင်တွေ အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိသွားတဲ့အခါမှာတော့ အဆိုပါအဆောက်အအုံရဲ့ ၂၁ ထပ်မှာရှိတဲ့ တိုက်ခန်းတစ်ခုရဲ့ ဧည့်ခန်းအတွင်း မီးအပြင်းအထန် လောင်ကျွမ်းနေတာကို တွေ့ရှိခဲ့ရပါတယ်။ ထိုအချိန်မှာ အခန်းအတွင်း မည်သူတစ်ဦးတစ်ယောက်မှ ရှိမနေတဲ့အတွက် မီးသတ်တပ်ဖွဲ့ဝင်တွေဟာ တံခါးကို အတင်းအဓမ္မဖွင့်ကာ ဝင်ရောက်ခဲ့ရပြီး ရေပိုက်နှစ်လိုင်းအသုံးပြုကာ မီးငြှိမ်းသတ်မှုကို အချိန်မီ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ဒီမီးလောင်မှုကြောင့် ဘေးပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဖို့အတွက် ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ အဆိုပါ အဆောက်အအုံအတွင်းရှိ လူပေါင်း ၂၀ ခန့်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဘေးလွတ်ရာကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ အဆိုပါဖြစ်စဉ်အတွင်းမှာ ထိခိုက်ဒဏ်ရာရရှိသူ ဒါမှမဟုတ် နစ်နာသူ လုံးဝမရှိခဲ့ပါဘူး။လတ်တလောမှာတော့ မီးလောင်ရတဲ့ အကြောင်းရင်းကို သက်ဆိုင်ရာဌာနတွေက အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
Jan 05 • 2:57 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 29 | 0 | 0 | 0 |


