အနောက်အာဖရိက နိုင်ငံတစ်နိုင်ငံဖြစ်သော ဂီနီနိုင်ငံ၌ ကျင်းပခဲ့ သည့်သမ္မတရွေးကောက်ပွဲ၌ အာဏာသိမ်းအစိုးရခေါင်းဆောင် မာမဒီဒိုအမ်ဘိုယာအနိုင်ရရှိခဲ့ကြောင်း ဂီနီရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၃၁ ရက်တွင်သတင်းထုတ်ပြန်ထားသည်။ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပခဲ့သော ဂီနီသမ္မတရွေးကောက်ပွဲသည်၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းပွဲ နောက်ပိုင်း ပထမဆုံးကျင်းပသည့် သမ္မတရွေးကောက်ပွဲဖြစ်သည်။
အဆိုပါ ရွေးကောက်ပွဲတွင် အာဏာသိမ်းအစိုးရခေါင်းဆောင် ဒိုအမ်ဘိုယာက ထောက်ခံမဲ ၈၆ ဒသမ ၇၂ ရာခိုင်နှုန်းအထိ ရရှိခဲ့ကြောင်း ဂီနီရွေးကောက်ပွဲ ကော်မရှင် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။သမ္မတရွေးကောက်ပွဲ၌ ထောက်ခံမဲရာနှုန်း ၈၆ ရာခိုင်နှုန်းကျော် ရရှိခဲ့ခြင်းကြောင့် ဒိုအမ်ဘိုယာအနေဖြင့် ဒုတိယအကျော့ သမ္မတရွေးကောက်ပွဲ ထပ်မံယှဉ်ပြိုင်ရမည့်အရေးကို ရှောင်လွှဲနိုင်ခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူများက ပြောကြားသည်။ဒီဇင်ဘာ ၂၈ ရက် သမ္မတရွေးကောက်ပွဲကို အာဏာသိမ်းအစိုးရခေါင်းဆောင် ဒိုအမ်ဘိုယာ အာဏာရယူ ထားမှု တရားဝင်ဖြစ်ရေးအတွက် ရည်ရွယ်ကျင်းပသော ရွေးကောက်ပွဲအဖြစ် အများက ရှုမြင်ထားသည်။ယင်းရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့သော သမ္မတလောင်းများထဲတွင်အဓိကအတိုက်အခံများ ပါဝင်ခြင်းမရှိပေ။



