ခန္ဓာကိုယ်ထဲက ကလာပ်စည်းတွေ တစ်နေရာမှတစ်နေရာကို ရွေ့လျားတဲ့အခါ သူတို့နောက်မှာ ချန်ထားခဲ့တဲ့ အိတ်ငယ်လေးတွေကို သိပ္ပံပညာရှင်တွေဟာ သတိထားမိခဲ့ကြပြီး အဆိုပါ အိတ်ငယ်လေးတွေဟာ ရောဂါပိုးတွေ ကူးစက်ပြန့်ပွားဖို့အတွက် အသုံးချခံနေရတယ်လို့ ပြောကြားထားပါတယ်။ယင်းအိတ်ငယ်လေးတွေကို Migrions လို့ အမည်ပေးထားတာပါ။ အရင်ကတော့ ဒါတွေကို ကလာပ်စည်းတွေရဲ့ အညစ်အကြေးတွေလို့ပဲထင်ခဲ့ကြပေမယ့် အခုတော့ ဒါတွေဟာ ရောဂါပိုးတွေ ကူးစက်ပြန့်ပွားဖို့အတွက် အသုံးချခံနေရတယ်ဆိုတာ ပညာရှင်များက သိရှိလာရပြီးဖြစ်ကာ Migrions တွေဟာ ရောဂါပိုးတွေ အတွက်တော့ “သယ်ယူပို့ဆောင်ရေးယာဉ်” တွေလိုပါပဲလို့ ပညာရှင်တွေက ပြောကြားထားကြပါတယ်။ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့ ရောဂါပိုးတွေဟာ ဒီအိတ်ငယ်လေးတွေထဲမှာ ပုန်းအောင်းကာ ခန္ဓာကိုယ်ရဲ့ တခြားကလာပ်စည်းတွေဆီကို အလွယ်တကူ ကူးစက်နိုင်ကြသလို ပိုပြီးထူးခြားတာက ရောဂါပိုးတွေဟာ ဒီ Migrions တွေထဲမှာရှိနေတဲ့အခါ ကိုယ်ခံအားစနစ်ရဲ့ တိုက်ခိုက်မှုကိုလည်း ရှောင်ရှားနိုင်ကြတယ်လို့ ပညာရှင်များက ပြောကြားထားပါတယ်။
ပညာရှင်တွေရဲ့ အဆိုအရတော့ ဒီ Migrions တွေဟာ ရောဂါပိုးတွေ ခန္ဓာကိုယ်ထဲမှာ ဘယ်လိုမျိုးအရှိန်အဟုန်နဲ့ ပျံ့နှံ့သွားသလဲဆိုတာကို ကောင်းစွာရှင်းပြပေးနိုင်တဲ့ အရေးကြီးအချက် တစ်ခုဖြစ်လာတယ်လို့လည်း ဆိုထားကြပါတယ်။



