နိုင်ဂျီးရီးယားနိုင်ငံ အိုဂန်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုအတွင်း ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံဟောင်း အန်တိုနီဂျိုရှုဝါ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း နိုင်ဂျီးရီးယားရဲတပ်ဖွဲ့ကဒီဇင်ဘာ ၃၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ဒီဇင်ဘာ ၂၉ ရက်တွင် ဖြစ်ပွားခဲ့သည့်အထက်ပါ ယာဉ်မတော်တဆမှု၌ လက်ဝှေ့ချန်ပီယံဟောင်း ဂျိုရှုဝါ ဒဏ်ရာအနည်းငယ်သာရခဲ့သော်လည်း အတူလိုက်ပါလာသော မိတ်ဆွေနှစ်ဦိးမှာသေဆုံးခဲ့ရကြောင်း နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်းဂျိုရှုဝါသည် နိုင်ဂျီးရီးယားနွယ်ဖွား ဗြိတိန်နိုင်ငံသားဖြစ်ပြီး အားလပ်ရက်အပန်းဖြေခရီးအဖြစ် နိုင်ဂျီးရီးယားသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ယာဉ်မတော်တဆမှုနှင့်ပတ်သက်၍ နိုင်ဂျီးရီးယားအစိုးရက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။အဆိုပါ ယာဉ်မတော်တဆမှုသည် မာကွန်အမည်ရှိ မြို့အနီး အဝေးပြေးလမ်းပေါ်၌ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။



