အနောက်ဂျာမနီ၊ ဂျယ်လ်ဆန်ကီယာချန်မြို့(Gelsenkirchen) ရှိ Sparkasse ငွေစုဘဏ်မှာ ရာဇဝတ်ဂိုဏ်းတစ်ခုက မြေတူးစက်ကြီးများကို အသုံးပြုကာ ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး ဒေါ်လာ ၃၅ သန်း (ယူရို ၃၂ သန်းခန့်) တန်ဖိုးရှိ ငွေသားနှင့် အဖိုးတန်ပစ္စည်းများကို ခိုးယူသွားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ဒီဇင်ဘာ၂၉ရက်တနင်္လာနေ့ နံနက်အစောပိုင်းမှာ ဘဏ်အတွင်းရှိ မီးအချက်ပေးသံ (Alarm) မြည်လာပြီးနောက် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ မြေအောက်ခန်းအတွင်း ဖောက်ထွင်းထားတဲ့ အပေါက်ကြီးတစ်ခုကို တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။စုံစမ်းစစ်ဆေးမှုများအရ သူခိုးများသည် ငွေ၊ ရွှေနှင့် လက်ဝတ်ရတနာများ သိမ်းဆည်းထားတဲ့ ဘေးကင်းလုံခြုံရေးသေတ္တာ (Safety Deposit Boxes) ၃,၀၀၀ ကျော် ကို ဖောက်ထွင်းနိုင်ခဲ့ကြောင်း သိရပါတယ်။
မျက်မြင်သက်သေများရဲ့ အဆိုအရ ကားဂိုဒေါင်လှေကားမှတစ်ဆင့် အိတ်ကြီးများကို သယ်ဆောင်လာတဲ့ အမျိုးသားအုပ်စုတစ်စုကို မြင်တွေ့ခဲ့ရပြီးနောက် အနက်ရောင် Audi RS 6 ကားတစ်စီးနဲ့ De-La-Chevallerie-Strasse လမ်းအတိုင်း မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ သိပါတယ်။လက်ရှိမှာ ရဲတပ်ဖွဲ့က ဘဏ်ဝင်ပေါက်ကို ပိတ်ဆို့ကာ စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသော်လည်း ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရပါတယ်။



