ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါဝင်သော မြို့နယ် ၆၃ မြို့နယ်အတွက် မဲဆွယ်စည်းရုံးခြင်းနှင့် စုဝေးဟောပြောခြင်းများကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်မှစတင်၍ ခွင့်ပြုပေးမည်ဖြစ်ကြောင်း ယနေ့ ဒီဇင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ မဲဆွယ်စည်းရုံးခွင့်ကို ဇန်နဝါရီလ ၂၃ ရက် ည ၁၂ နာရီအထိသာ ခွင့်ပြုထားပြီး၊ ရွေးကောက်ပွဲကျင်းပမည့် ဇန်နဝါရီ ၂၅ ရက်အထိ မဲဆွယ်မှုအားလုံးကို ရပ်နားကာ ကြော်ငြာပိုစတာများကိုလည်း သတ်မှတ်ချိန်အတွင်း အပြီးသတ်ဖြုတ်သိမ်းရမည် ဖြစ်သည်။ ထို့အပြင် ရွေးကောက်ပွဲအပိုင်း (၁) နှင့် (၂) အတွက် စိုက်ထူထားသော ကြော်ငြာများကိုလည်း သတ်မှတ်ရက်များအလိုက် ဖြုတ်သိမ်းရန် ညွှန်ကြားထားပြီး၊ လိုက်နာခြင်းမရှိပါက စည်ပင်သာယာရေးအဖွဲ့များက ဖယ်ရှားသွားမည်ဖြစ်ကာ ကုန်ကျစရိတ်များကို သက်ဆိုင်ရာကိုယ်စားလှယ်လောင်းများက ကျခံရမည်ဖြစ်ကြောင်း သိရသည်။



