ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နှစ်သစ်ကူးကာလ လမ်းဘေးကင်းလုံခြုံရေးအတွက် ဒီဇင်ဘာလ ၂၉ ရက်မှ ဇန်နဝါရီလ ၄ ရက်အထိ သတ်မှတ်ထားသည့် ၇ ရက်တာစီမံချက် ပထမည၌ပင် အရက်မူးပြီး ယာဉ်မောင်းနှင်သူ ၁၉ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။ နှစ်သစ်ကူးကာလအတွင်း ယာဉ်မတော်တဆမှုများ လျှော့ချနိုင်ရန်အတွက် စစ်ဆေးရေးဂိတ်များကို နေရာအနှံ့တိုးမြှင့်ချထားပြီး အရှိန်ပြင်းစွာမောင်းနှင်ခြင်း၊ လိုင်စင်မပါရှိခြင်း၊ မူးယစ်သောက်စားမောင်းနှင်ခြင်းနှင့် ဆိုင်ကယ်ဦးထုပ်မဆောင်းခြင်း အပါအဝင် ယာဉ်စည်းကမ်းဖောက်ဖျက်မှု (၁၀) ချက်ကို အထူးကြပ်မတ်အရေးယူသွားမည်ဖြစ်ရာ သွားလာနေထိုင်ကြသည့် ရွှေ့ပြောင်းအလုပ်သမားများနှင့် ပြည်သူများအနေဖြင့် ယာဉ်စည်းကမ်းများကို တိကျစွာလိုက်နာကြရန် တိုက်တွန်းနှိုးဆော်ထားသည်။



