ယမန်နေ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့အနောက်ပိုင်း ရှီဇူအိုကာစီရင်စု၊ မီရှီမာမြို့ရှိ ကားတာယာ ထုတ်လုပ်သည့် စက်ရုံတွင် အမျိုးသားတစ်ဦးက မဲမဲမြင်ရာ ဓားဖြင့် လိုက်တိုက်ခိုက်သဖြင့် အနည်းဆုံး ၁၄ ဦးဒဏ်ရာ ရခဲ့ကြောင်း သိရသည်။၃၈ နှစ်အရွယ် ဓားသမားသည် အခင်းဖြစ်ရာ ယိုကိုဟားမားရာဘာ မီရှီမာစက်ရုံနှင့် ပတ်သက်မှု ရှိသူဖြစ်ကာ အခင်းဖြစ် နေရာမှာပင် ရဲတပ်ဖွဲ့က လက်ထိပ်ခတ် ဖမ်းဆီးနိုင်ခဲ့သည်။ ယင်းဓားသမားသည် ဓားဖြင့်တိုက်ခိုက် ရုံသာမက ဓာတ်ငွေ့ကာ မျက်နှာဖုံးလည်း စွပ်ထားပြီး လူများကို စပရေး အရည်များဖြင့်လည်း လိုက်ဖြန်းသဖြင့် မည်သည့်စပရေး ဖြစ်သည်ကို ဓာတ်ခွဲခန်းပို့ စစ်ဆေးနေသည်ဟု ဆိုသည်။ဒေသစံတော်ချိန် ယမန်နေ့ ညနေ ၄ နာရီခွဲတွင် ထိုတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ၁၄ ဦးဒဏ်ရာရခဲ့ရာ၌ ၆ ဦး စိုးရိမ်ရကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။ ယင်းအခင်းဖြစ်ရာ တာယာစက်ရုံတွင် အလုပ်သမားပေါင်း ၉၈၇ ယောက်ရှိသည်ဟု သိရသည်။ယခုနှစ် ဇွန်လကလည်း ဂျပန်တွင် အထက်တန်းကျောင်း တစ်ခုအတွင်း ယခုကဲ့သို့ ဓားဖြင့်လိုက်တိုက်ခိုက်မှု ဖြစ်ခဲ့ရာ ကျောင်းသား ၁၇ ယောက်နှင့် ဆရာတစ်ယောက် ဒဏ်ရာရပြီး ဆေးရုံ တင်ခဲ့ရသေးသည်။



