ဒီဇင်ဘာ ၂၅ ရက်၊ ခရစ္စမတ်ညတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အမိန့်ဖြင့် နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ဘက်ဒေသရှိ ISIS များ၏ ဗဟိုချက်နေရာများကို အမေရိကန်လေတပ်က အပြင်းအထန် လေကြောင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများစွာ သေဆုံးခဲ့သည်။အမေရိကန် ကွန်ဆာဗေးတစ် လွှတ်တော်အမတ်များက နိုင်ဂျီးရီးယားတွင် ဘာသာရေး အစွန်းရောက် ဂျီဟတ် ISIS များသည် ခရစ်ယာန် ဘာသာဝင်များအား လူမျိုးတုံး သတ်ဖြတ်နေသည်ဟု ပြီးခဲ့သည့်လပိုင်းက ပြောဆိုခဲ့ကြပြီးနောက် ထရမ့်ကိုယ်တိုင်ကလည်း နိုင်ဂျီးရီးယားသမ္မတ ဘိုလာတီနူဘူက ခရစ်ယာန် ဘာသာဝင်များအား လုံလောက်သည့် အကာအကွယ်မပေးဘဲ နိုင်ဂျီးရီးယားသည် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အက်ဥပဒေကို ချိုးဖောက်နေသော နိုင်ငံဟု ဝေဖန်ကာ ပြည်ဝင်ခွင့်၊ လည်ပတ်ခွင့်ဗီဇာများ ပိတ်ပင်သည့် နိုင်ငံစာရင်းတွင် ထည့်သွင်းခဲ့သည်။နိုင်ဂျီးရီးယား နိုင်ငံခြားရေးဝန်ကြီးကမူ ယခု အမေရိကန်တပ်များ ဝင်ရောက် တိုက်ခိုက်မှုတွင် ISIS များစွာ သေဆုံးပြီး ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်သွားခဲ့သည်။ အပြစ်မဲ့ ခရစ်ယာန် ဘာသာဝင်များအား နိုင်ဂျီးရီးယားတွင် သတ်ဖြတ်နေသည်မှာ မကြုံစဖူး များပြားလွန်းနေခြင်းကြောင့် သွားရောက် ရှင်းလင်းရခြင်းဖြစ်ကာ ထပ်မံသတ်ဖြတ်လျှင် ပို၍ပြင်းထန်သော တိုက်ခိုက်မှုများ ဆက်လာဦးမည်ဟု ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ ထရမ့်က Truth Social လူမှုကွန်ရက်၌ သတိပေး ပြောဆိုခဲ့သည်။
အာဖရိကတွင် လူဦးရေအများဆုံး နိုင်ငံအဖြစ် လူသန်းပေါင်း ၂၂၀ ကျော်နေထိုင်သည့် နိုင်ဂျီးရီးယား၌ ခရစ်ယာန်များကို ပစ်မှတ်ထား သတ်ဖြတ်မှုသည် ၃,၁၀၀ ဦီး ရှိခဲ့ပြီး တစ်ကမ္ဘာလုံးမှ အလားတူနှုန်းမှာ ၄,၄၇၆ ဦးသာ ရှိသဖြင့် အမေရိကန်က သွားရောက် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပင်တဂွန်ကလည်း ထုတ်ပြန်သည်။လက်နက်ကိုင် အကြမ်းဖက် သူပုန်၊ တောပုန်း၊ ဘာသာရေးအစွန်းရောက် လက်နက်ကိုင်များစွာ ရှိနေသော နိုင်ဂျီးရီးယားတွင် ၂၀၀၉ ခုနှစ်နောက်ပိုင်း အစ္စလာမ္မစ် နိုင်ငံတော်အဖြစ် နိုင်ဂျီးရီးယားအား ကြေညာကာ ဘိုကိုဟာရမ်အဖွဲ့က သတ်ဖြတ်ခဲ့သည့် ဦးရေသည် ၄၀,၀၀၀ ကျော် အထိရှိကာ မွတ်ဆလင်ဘာသာအား လုံလောက်သော ကိုင်းရှိုင်းမှုမရှိဟု ဆိုသူများကိုလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ရာတွင် ခရစ်ယာန်များကို သတ်ဖြတ်မှုထက်ပင် ပိုများပြားခဲ့သည်ဟု ထရမ့်၏ အာဖရိကဆိုင်ရာ အကြံပေး မာဆက်ဘူလော့ဒ်က ဆိုသည်။



