လက်ရှိ စျေးကွက်တွင် ခရမ်းချဉ်သီး အသီးရှားပါးနေသဖြင့် စျေးတက်နေကြောင်း ခရမ်းချဉ်သီး ကုန်သည်အချို့ထံမှ သိရပါသည်။စျေးကွက်တွင် ခရမ်းချဉ်သီး ရှားပါးသည့်ကာလ ရောက်ရှိနေပြီး အင်းသီးများလည်း ရှားပါးနေသဖြင့် စျေးများ ပြန်လည်တက်လာခြင်း ဖြစ်ကြောင်း သိရပါသည်။“ရှမ်းပြည်နယ်က အင်းသီးတွေ ရှားလို့ စျေးတက်လာတာပါ။ ခရမ်းချဉ်သီးက အခုမှ ပြန်စိုက်တဲ့ကာလ ဖြစ်ပြီး ဒီဇင်ဘာလကနေ စိုက်ကြတော့ ပစ္စည်းရှားတဲ့ အချိန်ရောက်သွားတာပါ။ အလယ်ပိုင်းဒေသတွေက ပြန်ထွက်လာတဲ့အချိန်ဆိုရင်တော့ စျေး ပြန်ကျနိုင်ပါတယ်။ အခုက စျေးက တစ်ပိဿာကို ၅,၅၀၀ ကျပ်၊ ၆,၀၀၀ ကျပ်လောက် ပေါက်နေပါတယ်” ဟု ရှမ်းပြည်နယ် အောင်ပန်းမြို့မှ ကုန်သည်တစ်ဦးက ပြောသည်။



