မြန်မာနိုင်ငံရှိ လူဦးရေ ၁၆ သန်းခန့်သည် အသက်ကယ်ဆယ်ရေးအကူအညီများလိုအပ်နေပြီး လူသုံးဦးလျှင် တစ်ဦး ဝမ်းရေးဒုက္ခဖြင့်ရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂရုံးက ယနေ့(ဒီဇင်ဘာ ၂၅ ရက်) တွင် ထုတ်ပြန်သည်။စစ်ရေးပဋိပက္ခများ၊ ငလျင်နှင့်ရေကြီးရေလျှံမှုကဲ့သို့သော သဘာဝဘေးအန္တရာယ်များကြုံနေရသည့် မြန်မာနိုင်ငံတွင် လာမည့်နှစ်အတွင်း ကလေးငါးသန်းအပါအဝင် လူဦးရေ ၁၆ သန်းကျော်အတွက် အကူ အညီများလိုအပ်မည်ဟု ကုလသမဂ္ဂကခန့်မှန်းထားသည်။မြန်မာနိုင်ငံက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းရဲ့ အတိုင်းအတာ၊ ပြင်းထန်မှု နဲ့ရှုပ်ထွေးမှုက အလွန်မြင့်မားပါတယ်” ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာယာယီဌာနေနှင့် လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူး မစ္စ Gwyn Lewis ကပြောသည်။မြန်မာနိုင်ငံအတွင်း ပဋိပက္ခအခြေအနေများကြောင့် အကူအညီများလိုအပ်နေမှု ဆက်လက်မြင့်တက်နေ သော်လည်း ကမ္ဘာလုံးဆိုင်ရာအာရုံစိုက်မှုပြောင်းလဲသွားခြင်းကြောင့် မြန်မာနိုင်ငံရှိအကူအညီလိုအပ် နေသူများမှာ မေ့လျော့ခံနေရကြောင်း ၎င်းကဆက်လက်ပြောသည်။ကုလသမဂ္ဂနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံ အတွင်းလိုအပ်ချက်များကို အရင်းအမြစ်အကန့်အသတ် ဖြင့်သာ ကူညီပေးနေနိုင်သည်ဟုလည်းဆိုသည်။
ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်သော ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ကလည်း လက်ရှိမြန်မာနိုင်ငံရှိ ကလေးငယ်နှင့် မိခင်လေးသိန်းကျော်သည် ပြင်းထန်သည့်အာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်နေရကြောင်း ယခုလအတွင်းထုတ်ပြန်ထားသည်။



