ဒီဇင်ဘာ ၂၄ ရက်မှစတင်ပြီး ထိုင်းနှင့်ကမ္ဘောဒီးယားနှစ်နိုင်ငံ တာဝန်ရှိသူများ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ထပ်ရယူရန် ဆွေးနွေးမှုပြန်လည်စတင်ခဲ့သော်လည်း ဒီဇင်ဘာ ၂၅ ရက်မနက်ပိုင်းတွင် လည်း တိုက်ခိုက်မှုများရှိခဲ့ပြီး တိုက်ပွဲ ၁၈ ရက်မြောက်တွင် သေဆုံးသူပေါင်း ၉၆ ဦးရှိလာခဲ့ပြီဖြစ်သည်။ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၅ ရက် မနက်ပိုင်းတွင် ထိုင်းဘက်မှ ဘန်တီရေ မင်ချေးခရိုင်ရှိ ရွာတစ်ရွာအား ပစ်ခတ်တိုက်ခိုက်သဖြင့် ကမ္ဘောဒီးယားပြည်သူ တစ်ဦး သေဆုံးကြောင်း အစိုးရပိုင် ကန်ပူးချားသတင်းအေဂျင်စီမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။ ယင်းအေဂျင်စီမှ ထိုင်း၏ တိုက်ခိုက်မှုသည် ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်သော ကျူးကျော်တိုက်ခိုက်မှုဟု ဝေဖန်ထုတ်ပြန်ခဲ့ကာ ထိုင်းစစ်တပ်ဘက်ကလည်း ကမ္ဘောဒီးယားဘက်မှ BM-21 ဒုံးကျည်များဖြင့် ထိုင်းဘက်ခြမ်း ဆာခေးရိုခရိုင် ပြည်သူများနေထိုင်ရာ ရွာဘက်သို့ ပစ်ခတ်တိုက်ခိုက်သဖြင့် ဆိုးရွားသော ပျက်ဆီး ဆုံးရှုံးမှုများရှိခဲ့သည်ဟု အပြန်အလှန်ပြစ်တင်ဝေဖန်ခဲ့ကြသည်။ထိုင်းအာဏာပိုင်များထုတ်ပြန်ချက်အရ ယခုစစ်ပွဲကာလ ၁၈ ရက်အတွင်း ထိုင်းစစ်သား ၂၃ ယောက် ကျဆုံးကာ အရပ်သားပြည်သူ တစ်ဦးတိုက်ပွဲအတွင်း သေဆုံးကြောင်း၊ တိုက်ပွဲဘေးထွက်ဆိုးကျိုးများ ကြောင့် အရပ်သားသေဆုံးမှုမှာ ၄၁ ဦးထပ်ရှိခဲ့သည်ဟု Nation Thailand မီဒီယာက ထုတ်ပြန်ခဲ့သည်။ ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြည်သူ ၃၁ ယောက်သေဆုံးသည်ဟု ဖော်ပြပါရှိရာ စုစုပေါင်းနှစ်ဖက်သေဆုံးသူ ၉၆ ဦးရှိလာခဲ့ပြီဖြစ်သည်။



