နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း ပလာတူပြည်နယ်တွင် အစ္စလာမ်ဘာသာရေးပွဲ နှစ်ပတ်လည်သို့ သွားရောက်မည့် လူ ၂၈ ဦးကို လက်နက်ကိုင်များက ပြန်ပေးဆွဲသွားကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာ ၂၃ ရက်တွင်ပြောသည်။အမျိုးသမီးများနှင့် ကလေးသူငယ်များ အပါအဝင် အဆိုပါလူများသည် ရွာများအကြား မောင်းနှင်နေသော ဘတ်စကားကို ချုံခိုတိုက်ခိုက်ခံခဲ့ရသည်။ ပြန်ပေးဆွဲခံရသူများကိုကယ်တင်ရန် ရဲတပ်ဖွဲ့က တပ်ဖြန့်ရှာဖွေနေသည်။ပြီးခဲ့သည့်လကလည်း နိုင်ဂျာပြည်နယ် ကက်သလစ်စာသင်ကျောင်းတွင် အစုလိုက်အပြုံလိုက်ပြန်ပေးဆွဲမှုမှ ကျန်ရှိနေသော ကျောင်းသား ၁၃၀နှင့် ဆရာများလွတ်မြောက်လာပြီးနောက် တစ်ရက်အကြာတွင် ယခုပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ပြန်ပေးဆွဲခံရသူများ၏ မိသားစုဝင်များထံပြန်ပေးငွေ တောင်းခံမှုများ စတင်ရရှိနေပြီဟု ဆိုသည်။ ဖြစ်နိုင်ခြေရှိသော ရာဇဝတ်ဂိုဏ်း အမည်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။ နိုင်ဂျီးရီးယား မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ရာဇဝတ်ဂိုဏ်းများက ပြန်ပေးဆွဲမှု
အဖြစ်များလာသည်။ဖမ်းဆီးခံထားရသူများကို လွှတ်ပေးရန်အတွက် ပြန်ပေးငွေပေးခြင်းသည် တရားမဝင်သော်လည်း ယင်းနည်းလမ်းဖြင့်သာ ပြန်ပေးမှုများကိုအများဆုံးဖြေရှင်းကြလေ့ရှိပြီး ဂိုဏ်းများက ငွေရှာရန် ဤနည်းလမ်းကို အသုံးပြုကြလေ့ရှိသည်။ပလာတူပြည်နယ်တွင် ဖြစ်ပွားခဲ့သောလက်ရှိပြန်ပေးဆွဲမှုသည် ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့် နေပြီဖြစ်သည့် နိုင်ငံ၏ အရှေ့မြောက်ပိုင်းအစ္စလာမ္မစ်သူပုန်ထမှုနှင့် မသက်ဆိုင်ပေ။



