မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ဟာ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ထုတ်လုပ်ရေးစက်ရုံကို သွားရောက်ခဲ့ပြီး လေကြောင်းရန်ကာကွယ်ရေးဒုံးကျည် အမျိုးအစားသစ် စမ်းသပ်ပစ်လွှတ်မှုကိုလည်း ကြီးကြပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဒီဇင်ဘာ ၂၅ ရက်မှာ ဖော်ပြပါတယ်။ရေအောက်လျှို့ဝှက်လက်နက်အသစ်တွေနဲ့ပတ်သက်ပြီး သုတေသနတွေ ဆက်လက်လုပ်ဆောင်ဖို့နဲ့ ရေတပ်တပ်ဖွဲ့တွေကို ပြန်လည်ဖွဲ့စည်းတာ၊ တပ်ဖွဲ့အသစ်များ တည်ထောင်ခြင်းအတွက် မဟာဗျူဟာမြောက်အစီအစဉ်ကိုလည်း ကင်ဂျုံအန်က ညွှန်ကြားခဲ့တယ်လို့ နိုင်ငံပိုင်ကေစီအင်န်အေ သတင်းဌာနက ဖော်ပြထားပါတယ်။နျူကလီးယားရေငုပ်စက်ရုံသို့ သွားရောက်ခဲ့တဲ့ ကင်ဂျုံအွန်က တောင်ကိုရီးယားအနေနဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ တည်ဆောက်ဖို့ အမေရိကန်ပြည်ထောင်စုနဲ့ အတူ မကြာသေးမီက ကြိုးပမ်းမှုကို ဝေဖန်ခဲ့ပြီး တန်ပြန်ရမယ့် ခြိမ်းခြောက်မှုလို့ ဆိုပါတယ်။အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် တောင်ကိုရီးယား အောက်တိုဘာလမှာ လာရောက်ချိန် တောင်ကိုရီးယားအတွက် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ တည်ဆောက်ဖို့ ခွင့်ပြုချက်ပေးခဲ့တာကြောင့် နျူကလီးယားပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားက ဒေါသတကြီးကန့်ကွက်ခဲ့ပါတယ်။ သင်္ဘောတွေကို ဘယ်နေရာမှာ ဘယ်လိုတည်ဆောက်မယ်ဆိုတဲ့ အဓိကအသေးစိတ် အချက်အလက်တွေကတော့ ထုတ်ပြန်တာမရှိသေးပါဘူး။ နိုင်ငံအနည်းငယ်မှာသာ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေရှိပြီး အမေရိကန်ပြည်ထောင်စုကတော့ သူ့ရဲ့နည်းပညာတွေကို အထိခိုက်မခံ ကန့်သတ်ထားပါတယ်။ပြီးခဲ့တဲ့ လက အမေရိကန်-တောင်ကိုရီးယား သဘောတူညီချက်ဟာ အန္တရာယ်ရှိတဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ကြိုးပမ်းမှုဖြစ်ပြီး ဒေသတွင်းမှာ နျူကလီးယား ဒိုမီနိုဖြစ်စဉ်ကို ဦးတည်စေနိုင်တယ်လို့ မြောက်ကိုရီးယားက သတိပေးထားပါတယ်။



