တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်တွင် ဒေသထွက်ကုန်များ ဈေးကျနေသဖြင့် တွက်ခြေမကိုက်ကြောင်း တောင်သူများက ပြောသည်။ ပြီးခဲ့သည့်နှစ်က ကွမ်းသီးအမှည့်တစ်လုံးလျှင် ၁၃၀ ကျပ်ခန့်၊ ကွမ်းသီးခြောက်တစ်ပိဿာလျှင် ကျပ်နှစ်သောင်းခွဲခန့်အထိ ရရှိခဲ့သော်လည်း ယခုနှစ်တွင် ကွမ်းသီးအမှည့်တစ်လုံးကို ၅၀၊ ၆၀ ကျပ်သာရရှိပြီး ကွမ်းသီးခြောက်မှာ တစ်ပိဿာလျှင် ၁၁,၀၀၀ ခန့်သာ ရရှိကြောင်း ကွမ်းသီးခြံပိုင်ရှင် တောင်သူများက ဆိုသည်။ ဒေသထွက်ကုန်များ စျေးမရသဖြင့် ထုတ်လုပ်မှုစရိတ်၊ အလုပ်သမားငှားရမ်းခများဖြင့် နှိုင်းစာလျှင် တွက်ခြေမကိုက်ဖြစ်နေကြောင်း တောင်သူများက ပြောဆိုကြသည်။ တိုင်းအတွင်းက ထွက်သည့် ဆန်စပါးကို တိုင်းပြင်ပကိုတင်ပို့မရသဖြင့် စပါးဈေးကျလာတာဖြစ်ပြီး စပါးဈေးကောင်းမရသဖြင့် ထွန်ခ၊ ရိတ်ခြွေခ၊ အလုပ်သမားခများ နုတ်ပါက လယ်သမားများ အရှုံးပေါ်နေကြကြောင်း ထားဝယ်မြို့က လယ်သမားတစ်ဦးက ပြောသည်။



