ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ လက်ရှိဖြစ်ပွားနေတဲ့ နယ်စပ်ပဋိပက္ခတွေအတွက်
ပထမဆုံးအကြိမ် ဆွေးနွေးမှုစတင်နေပြီဖြစ်ပေမဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ဒီဇင်ဘာလ ၂၄ရက် ဗုဒ္ဓဟူးနေ့မှာ ထိုင်းစစ်တပ်က နှစ်နိုင်ငံ နယ်စပ်ပြည်နယ်တွေဖြစ်တဲ့ ဆီဆာကတ်(Sisaket)နဲ့ ဆူရင်(Surin)ပြည်နယ်တို့မှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံဘက်က BM-21 ရော့ကတ်တိုက်ခိုက်မှုတွေကို ထိုင်းဘက်က အမြောက်၊ တင့်ကား၊ ဒရုန်းတွေနဲ့ တုံ့ပြန်ခဲ့ကြောင်း ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ကမ္ဘောဒီးယားရဲ့ စစ်ရေးပစ်မှတ်၁၉ခုကျော်ကို ပြန်လည်မတုံ့ပြန်ခင် ထိုင်းဘက်က ဆီဆာကတ်ပြည်နယ်ရှိ စစ်သားတစ်ဦးထိခိုက်ခဲ့ကြောင်း ထိုင်းစစ်တပ်ဘက်ကပြောကြားထားပါတယ်။ကမ္ဘောဒီးယားအမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ထိုင်းတပ်ဖွဲ့တွေဟာ အနောက်မြောက်ပိုင်းနယ်စပ်ပြည်နယ် ဘန်တမ်ဘန်(Battambang)ရှိ ဘန်နန်(Banan) ခရိုင်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အရပ်သားတွေ နေထိုင်ရာဧရိယာကို ဗုံး၄လုံး ထိမှန်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ကမ္ဘောဒီးယားပညာရေးဝန်ကြီးဌာနက ထိုင်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်နေစဉ် အဆိုပါ ပြည်နယ်ရှိ ကျောင်းတစ်ကျောင်းရဲ့ ထိတ်လန့်တုန်လှုပ်စွာ ပြေးလွှားနေတဲ့ ကျောင်းသားတွေပါတဲ့ ဗီဒီယိုတစ်ခုကိုလည်း ထုတ်ပြန်ခဲ့ပါတယ်
။


