နှစ်ကုန် အားလပ်ရက်တွေမှာ မြန်မာပြည်ကို ခွင့်နဲ့ ပြန်ကြမယ့် ပြည်ပလုပ်သားတွေ အနေနဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိပါက သတ်မှတ်နေရာမှာ သတင်းပို့ကြဖို့ လိုအပ်တယ်လို့ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။အဲဒီအတွက် ဆိုက်ရောက် (Arrival) မှာ ရွှေ့ပြောင်းလုပ်သားအဝင် သတင်းပို့ကောင်တာ (Arrival Counter) ထားရှိပေးထားပြီး မပျက်မကွက် ပြုလုပ်ရမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။OWIC ကတ် ပြုလုပ်ခွင့် လျှောက်ထားမှုကို အရင်က ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ အလုပ်သမားရုံးနဲ့ မရမ်းကုန်းမြို့နယ်ရှိ ၈ မိုင် အလုပ်သမားရုံးတို့မှာ နေ့ချင်းပြီး ပြုလုပ်ပေးခဲ့တာ ဖြစ်ပေမယ့် အခု ၂၀၂၅ ခုနှစ်၊ မတ်လ ၂၀ ရက်မှစတင်ကာ ကတ်ပြုလုပ်ခွင့်ကို နေပြည်တော် အလုပ်သမားရုံးကို စာတိုက်ကနေ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပေးပို့ လျှောက်ထားရတာ ဖြစ်ပါတယ်။အဲဒီလို လျှောက်ထားရာမှာ အထောက်အထား၊ အချက်အလက် မပြည့်စုံတဲ့သူတွေကို OWIC ကတ် ပြုလုပ်ဖို့ စာရင်းမသွင်းပေးဘူးလို့ အလုပ်သမားဝန်ကြီးဌာနက ကြေညာထားပေမယ့် အချက်အလက် ပြည့်စုံမှု ရှိ၊ မရှိကို အချိန်တိုအတွင်း စစ်ဆေးပေးတာမျိုး မရှိတဲ့အတွက် အလုပ်သမားတွေ အနေနဲ့ အချိန်ကြန့်ကြာမှု အခက်အခဲတွေ ဖြစ်ပေါ်လျက်ရှိတယ်လို့ သိရပါတယ်။ဒါကြောင့် သက်ဆိုင်ရာ ဌာနတွေအနေနဲ့ အခုလို ကြေညာချက်တွေ တစောင်ပြီးတစောင် ထုတ်ပြန်နေမယ့်အစား ထိရောက်တဲ့ စီမံခန့်ခွဲနိုင်မှုတွေရှိဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။အလုပ်သမားတွေ အနေနဲ့ ပြည်ပ ပြန်လည် ထွက်ခွာခွင့်အတွက် OWIC ကတ် ရှိနေဖို့ကသာ အဓိက အရေးပါတာဖြစ်ပြီး PV နိုင်ငံကူးလက်မှတ်ကနေ PJ ပြောင်းလဲဖို့ကတော့ တရားဝင် ခွင့်ပြုထားပြီးသား ဖြစ်တဲ့အတွက် ရုံးဝင်ပြီး ၁၄ ရက်အတွင်း စာအုပ် ရရှိနိုင်တယ်လို့ သိရပါတယ်။



