၂၀၂၆ခု၊ နှစ်သစ်ကူး(Happy New Year) ကာလတွင် လာရောက်လည်ပတ်အပန်းဖြေမည့်သူများကြောင့် ပြင်ဦးလွင်ရှိ ဟိုတယ်၊မိုတယ်၊ အဆင့်မြင့်တည်းခိုခန်းများ၌ ကြိုတင်ဘွတ်ကင်များ ပြည့်လုနီးပါးအထိရှိနေကြောင်း သိရသည်။ယခုအချိန်သည် ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ်၌ ၁၈ကြိမ်မြောက် ပန်းပွဲတော်နှင့် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်းတွင် ဒုတိယအကြိမ်မြောက် ပန်းပွဲတော်တို့ ကျင်းပနေချိန်ဖြစ်ပြီး အားလပ်ရက်များနှင့် ရုံးပိတ်ရက်များတွင် လာရောက်လည်ပတ်သူဦးရေမှာ များပြားလွန်းသဖြင့် မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းတချို့၌ ယာဉ်ကြောပိတ်ဆို့မှုများလည်း ဖြစ်ပေါ်လျက်ရှိပါသည်။ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း၏ ပန်းပွဲတော်ကိုလည်း ယခင်နှစ်နှင့်မတူ တမူထူးခြားစွာ ဆန်းသစ်သည့် ပန်းပြကွက်ပုံစံများကို နိုင်ငံခြား ပန်းမျိုးစိတ်ပေါင်း (၃၀)ကျော်၊ ပန်းပင်ပေါင်း (၁၇၀,၀၀၀) ကျော်နှင့် အလှဆင်စိုက်ပျိုးပြသထားသည်ဟု သိရပါသည်။



