ယူအေအီးတွင် ကုလားအုပ်များနှင့် ကမ္ဘာ့အရှည်လျားဆုံးခရီးတစ်ခု ဖြစ်သည့် ကီလိုမီတာ ၁,၀၀၀ အကွာအဝေးကို ၂၁ ရက်ကြာ ဖြတ်သန်းခဲ့သည့် ခရီးသည် ၃၃ ဦးပါဝင်သည့် ကာရပ်န်တန်းကြီးသည် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုတို့ကို ရင်ဆိုင်ရင်း ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ဒူဘိုင်းမြို့ရှိ Global Village သို့ ချီတက်ရောက်ရှိခဲ့သည်။ ခရီးစဉ်အတွင်း ဆိုးရွားသည့် ရာသီဥတုကြောင့် တဲများ လေထဲသို့ ပျံသွားခြင်း၊ အိပ်စက်မရခြင်းနှင့် မြေပြင်ရေလျှံခြင်းတို့ ကြုံတွေ့ခဲ့ရသော်လည်း ကုလားအုပ်များမှာမူ အလွန်တည်ငြိမ်စွာ နေထိုင်နိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံဟီနန်ပြည်နယ်မှ Huo Xiaozhe က “ကုလားအုပ်တွေက ခရီးတစ်လျှောက်လုံး အဆင်ပြေနေတယ်။ သူတို့တွေက မိုးကို ကျွန်မတို့ထက် ပိုပြီး ကောင်းကောင်းကြီး သည်းခံနိုင်တယ်” ဟု ပြောကြားခဲ့သည်။ ခရီးသည် ၁၄ နိုင်ငံမှ နိုင်ငံသား ၃၃ ဦးပါဝင်ခဲ့ပြီး ဤခရီးစဉ်သည် ယူအေအီး၏ ယဉ်ကျေးမှုအမွေအနှစ်ကို မြှင့်တင်ရန်၊ သည်းခံစိတ်၊ ကြံ့ခိုင်မှုနှင့် မိတ်ဘက်စိတ်ဓာတ်များကို ပြသရန် ရည်ရွယ်ခဲ့ကြောင်း သိရသည်။



