သိမ်းယူထားတဲ့ ရုရှား ပိုင်ဆိုင်မှုတွေ အသုံးပြုရေး ဥရောပသမဂ္ဂ(အီးယူ)ခေါင်းဆောင်တွေကြား သဘောတူညီမှု မရယူနိုင် ဖြစ်ခဲ့ပေမယ့် ယူကရိန်းအတွက် ယူရို ၉၀ ဘီလီယံ ထုတ်ချေးပေးရေး သဘောတူညီခဲ့ကြပါတယ်။ဒီလို ကူညီပေးမှုကြောင့် မိမိတို့ရဲ့ ဒူပေတာပေ ခံနိုင်မှုကို ပိုမို အားကောင်းလာစေမှာ ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။
ဒါပေမဲ့ သိမ်းယူထားတဲ့ ရုရှား ပိုင်ဆိုင်မှုတွေကို မရွှေ့ပြောင်းနိုင်အောင် ဆက်လက် ထားရှိသင့်တယ်လို့ သူက ပြောပါတယ်။ယူရို ၂၁၀ ဘီလီယံ တန်ဖိုးရှိ သိမ်းယူထားတဲ့ ရုရှား ပိုင်ဆိုင်မှုတွေကို သုံးစွဲရေး သူက ဥရောပ ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပေမယ့် အဲဒီ ပိုင်ဆိုင်မှု အများစုကို ထိန်းသိမ်းထားတဲ့ ဘရပ်ဆဲလ်က ရုရှား လက်တုံ့ပြန် တိုက်ခိုက်လာနိုင်တဲ့ အန္တရာယ်တွေနဲ့ ပတ်သက်လို့ အာမခံပေးဖို့ တောင်းဆိုခဲ့တာကြောင့် တခြားနိုင်ငံတွေ အတွက်ဆိုရင်တော့ ဆိုနိုင်ဖွယ်ရာ မရှိ ဖြစ်ခဲ့ပါတယ်။အစည်းအဝေးသို့ ဟန်ဂေရီ၊ စလိုဗက်ကီးယားနဲ့ ချက်ပြည်ထောင်စုတို့ တက်ရောက်မှု မရှိခဲ့တာကြောင့် အီးယူ အဖွဲ့ဝင် ၂၄ နိုင်ငံက အတိုးမယူဘဲ နှစ်နှစ်တာ အတွက် ငွေထုတ်ချေးပေးရေး တာဝန်ယူရမှာ ဖြစ်ပါတယ်။အဲဒီ ချေးငွေ ပမာဏဟာ ၂၀၂၆ ခုနှစ် နဲ့ ၂၀၂၇ ခုနှစ် အထိ ယူကရိန်းက လိုအပ်လိမ့်မယ်လို့ တွေးထားတဲ့ ယူရို ၁၃၇ ဘီလီယံရဲ့ သုံးပုံနှစ်ပုံပဲ ရှိပါတယ်။ဒီအတောအတွင်း အမေရိကန်နဲ့ ရုရှား အရာရှိတွေဟာ ငြိမ်းချမ်းရေး အစီအစဉ်နဲ့ ပတ်သက်လို့ နောက်ထပ် ဆွေးနွေးဖို့ ယခု သီတင်းပတ်ကုန်ရက်ပိုင်းအတွင်း မီယာမီမှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။အီးယူထဲမှာ မပါဝင်တော့တဲ့ ဗြိတိန်အနေနဲ့ကတော့ ဒီကနေ့ သဘောတူညီခဲ့ကြတဲ့ ယူရို ၉၀ ဘီလီယံ ထုတ်ချေးမယ့် အစီအစဉ်မှာ ပါဝင်မှာ မဟုတ်ဘူးလို့ ဘီဘီစီရဲ့ ဒီဇင်ဘာ ၁၉ ရက် သတင်းမှာ ဖော်ပြထားပါတယ်။
ယူကရိန်းအတွက် အမေရိကန်ရဲ့ ရန်ပုံငွေ ထောက်ပံ့မှုတွေ လျော့ကျလာတာကြောင့် အဲဒီဝန်ထုပ်ဝန်ပိုးကို ဥရောပက ဝင်ထမ်းပေးနေတာ ဖြစ်ပါတယ်။



