ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ စပေါ့ကျေးရွာ၊ ရပ်ကွက်(၃)အတွင်း ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့က လပ်ကီးဝမ်း (အမည်ခံ) ကုမ္ပဏီ၏ နွံကန်ပေါက်ကျမှုကြောင့် လူနေအိမ် ၅၀ ကျော် ပျက်စီးခဲ့ပြီး ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအပါအဝင် လူပေါင်း ၃၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။လက်ရှိတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ဒေသခံများပိုင်ဆိုင်သော နေရာများတွင် အိမ်ဆောက်ခွင့်မပြုကြောင်းနှင့် ကုမ္ပဏီမှ သတ်မှတ်ထားသည့် ဈေးနှုန်းဖြင့်သာ မြေရောင်းချရမည်ဟု ပြောဆိုနေပြီး၊ မရောင်းချပါကလည်း နေအိမ်များကို ရွာပိုင်အဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုထားသည်ဟု ဒေသခံများက ဆိုသည်။အဆိုပါနွံကန်ပေါက်မှုကြောင့် အိုမဲ့အိမ်မဲ့ဖြစ်သွားသည့် ဒေသခံမိသားစုများသည် လက်ရှိအချိန်အထိ အိမ်ခန်းငှား၍ နေထိုင်နေရပြီး အခက်အခဲများဖြင့် ကြုံတွေ့နေရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ထို့ကြောင့် ဒေသခံအိမ်ရှင်များက မိမိတို့ပိုင်ဆိုင်သော မြေယာများတွင် အိမ်ဆောက်လုပ်ခွင့် ပြန်လည်ရရှိရေးနှင့် မိမိတို့၏ နေအိမ်နှင့် မြေပိုင်ဆိုင်မှုအပေါ် စိတ်ကြိုက်ဆုံးဖြတ်ပိုင်ခွင့် ရရှိရေးတို့ကို လိုလားနေကြသည်။



