လက်ရှိတွင် ပြည်တွင်း အထည်ချုပ်လုပ်ငန်းကဏ္ဍ၌ ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစားစနစ် (Cutting, Making and Packing – CMP) နဲ့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ လုပ်ငန်းဟာ ၉၅ ရာခိုင်နှုန်းခန့်ရှိပြီး ကိုယ်တိုင်ထုတ်လုပ် တင်ပို့တဲ့ စနစ် (Free On Board -FOB) ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းပေါင်း ၅ ရာခိုင်နှုန်းရှိကာ ပြည်ပနိုင်ငံများမှ ကုန်ကြမ်းတင်သွင်းရမှုကြောင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၄ ဘီလီယံခန့် ဆုံးရှုံးနေရကြောင်း မြန်မာ-တရုတ် အထည်ချုပ်လုပ်ငန်းရှင်များအသင်း (CTGA) မှ သိရပါတယ်။အဆိုပါ အထည်ချုပ်လုပ်ငန်းကဏ္ဍတစ်ခုလုံးမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် ဝင်ငွေ ရရှိနိုင်သော်လည်း ယင်းလုပ်ငန်းများအတွက်လိုအပ်သည့် အထည်အလိပ်နှင့်ကုန်ကြမ်းများကို ၄ ဘီလီယံဖိုးခန့် ပြည်ပနိုင်ငံများမှ ပြန်လည်တင်သွင်းပြီး အသုံးပြုနေရခြင်းကြောင့် လက်ရှိမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကျော်သာ ဝင်ငွေရရှိနေတာဖြစ်ကြောင်း မြန်မာ-တရုတ် အထည်ချုပ်လုပ်ငန်းရှင်များအသင်း (CTGA) ဥက္ကဋ္ဌ ဦးစံခွန်းမှ MFN သို့ ပြောပါတယ်။မြန်မာနိုင်ငံရဲ့ အထည်ချုပ် လုပ်ငန်းတွေကနေ နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် ဝင်ငွေရရှိနိုင်တယ်။ ဒါပေမယ့် ဒီလုပ်ငန်းတွေအတွက် လိုအပ်တဲ့ အထည်အလိပ်နဲ့ကုန်ကြမ်းပစ္စည်းတွေကို ၄ ဘီလီယံဖိုးလောက်က ပြန်ပြီးတင်သွင်း နေရတယ်။ Buyer ပေါ်မူတည်ပါတယ်။ အချို့ Buyer က အထည်အလိပ်ပဲပေးတယ်။ Accessories မပါဘူး။ ဒါကို ဒီဘက်ကလုပ်ငန်းရှင်က ပြန်လည်ဝယ်ယူ တင်သွင်းရပါတယ်။ လက်ရှိ ပြည်တွင်းမှာလည်း အထည်အလိပ်ကုန်ကြမ်းနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ထုတ်လုပ်တင်ပို့နေတဲ့ စက်ရုံ ဆိုတာ ၅ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ အဲ့ဒီတော့ပြည်တွင်းမှာ ကုန်ကြမ်းထုတ်တဲ့ စက်ရုံတွေ ပိုပြီးများလာဖို့လိုတယ်။ အဲလိုများလာဖို့ဆိုတာတော့ ချက်ခြင်းလုပ်လို့မရဘူး။ အဲဒါကြောင့် တရုတ်နိုင်ငံက ကုန်ကြမ်းထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ကြားပြီး သူတို့ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ အခါမြန်မာနိုင်ငံဟာ လက်ရှိလုပ်ကိုင်နေတဲ့ Cutting, Making and Packing လို့ခေါ်တဲ့ လက်ခစား CMP စနစ်ကနေ ကိုယ်တိုင်ကုန်ကြမ်းထုတ်၊ ချုပ်လုပ်ပြီး တင်ပို့နိုင်တဲ့ Free On Board လို့ခေါ်တဲ့ FOB စနစ်ကိုကူးပြောင်းနိုင်မှာဖြစ်တယ်။ အဲလိုဖြစ်မှလည်း အထည်ချုပ်လုပ်ငန်းတွေရဲ့ Export ဝင်ငွေက ၅ ဆ နီးပါးမြင့်တက်လာမှာဖြစ်ပါတယ်"လို့ CTGA ဥက္ကဋ္ဌ ဦးစံခွန်းမှ MFN သို့ ပြောကြားထားပါတယ်။



