ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ အိမ်ထောင်စုပေါင်း ၂၇၀ နီးပါးကို ၁၅ ရက်အတွင်းမှာ အိမ်အရောက်ပို့ (Door to Door)စနစ်ဖြင့် ဆန်အိတ်ရေ ၃၀၀ ကျော်ကို သင့်တင့်မျှတတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချပေးခဲ့ပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)မှ သိရပါတယ်။ထိုသို့ ရောင်းချရာမှာ ၂၄ ပြည် (၁၀၈) ပေါင်ဆန်အိတ်များကို စားသုံးသူများထံသို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်က စပြီး ဒီဇင်ဘာ ၁၀ ရက်နေ့အထိ အိမ်ထောင်စုပေါင်း ၂၆၇ ခုအတွက် ဆန်အိတ်ရေပေါင်း ၃၄၀ ကို ရောင်းချပေးခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း ဆက်လက်ရောင်းချ ပေးလျက်ရှိတယ်လို့ MRF ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ ၊ စက်မှုဇုန်တွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေကိုလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်းက ပေါ်ဆန်း (10) kg အိတ်ရေ ၅၂၀၄ အိတ်နှင့် ဧည့်မထ (10) kg အိတ်ရေ ၅၁၅၀ အိတ်တို့ကို ပေးပို့ရောင်း ချပေးခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
အိမ်အရောက်ပို့စနစ်နဲ့ ရွှေဘိုပေါ်ဆန်းအပါအဝင် ရက်(၉၀)ဆန်၊ ဧည့်မထဆန်၊ ဧရာဝတီပေါ်ဆန်း ကြားပျံ(ဆန်သစ်)၊ ဧရာဝတီပေါ်ဆန်း ကြားပျံ (ဆန်ဟောင်း)၊ ဧရာဝတီပေါ်ဆန်း နယ်စုံ (ဆန်သစ်)၊ ဧရာဝတီပေါ်ဆန်းနယ်စုံ (ဆန်ဟောင်း) စတဲ့ ဆန်အမျိုးအစား ၇ မျိုးကို ရောင်းချပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်း ပေါ်ဆန်းဆန်ဈေးနှုန်းတည်ငြိမ်မှန်ကန်စေဖို့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်က စပြီး ၁၀၈ ပေါင် ၂၄ ပြည်အိတ်အကြီးတွေကို အိမ်အရောက်ပို့စနစ်နဲ့ရောင်းချနေတာဖြစ်ပြီး ဆန်အိတ်အသေး တွေကို ရပ်ကွက်တွေ/ဈေးတွေမှာ လှည့်လည်ရောင်းချတာကိုလည်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နဲ့ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းတို့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။အိမ်အရောက်ပို့စနစ်နဲ့ သတ်မှတ်ရောင်းချပေးနေတဲ့ ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း (ဟောင်း) ၂၄ ပြည်တစ်အိတ်ကို ကျပ် ၁၈၀,၀၀၀ ၊ ဧရာဝတီပေါ်ဆန်း ကြားပျံ (ဆန်ဟောင်း) တစ်အိတ်ကို ကျပ် ၁၅၀,၀၀၀ ၊ ဧရာဝတီပေါ်ဆန်း ကြားပျံ(ဆန်သစ်) တစ်အိတ်ကို ကျပ် ၁၃၀,၀၀၀ ၊ ဧရာဝတီပေါ်ဆန်းနယ်စုံ (ဆန်ဟောင်း) တစ်အိတ်ကို ၁၂၅,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း နယ်စုံ (ဆန်သစ်)၊ တစ်အိတ်ကို ၁၁၅,၀၀၀ ကျပ်၊ ရက် ၉၀ ဆန် တစ်အိတ်ကို ၇၅,၀၀၀ ကျပ်နဲ့ ဧည့်မထ (၁၅ မှတ်) ဆန်တစ်အိတ်ကို ကျပ် ၅၀,၀၀၀ နဲ့ ရောင်းချပေးနေတာဖြစ်တယ်လို့ သိရပါတယ်။



