မန္တလေးတွင် တရားမဝင်အနှိပ်ခန်းကြော်ငြာများကြောင့်၊ တရားဝင်လိုင်စင်ဖြင့်လုပ်ကိုင်နေကြသည့် အလှပြင်ဆိုင်လုပ်ငန်းများ အထင်လွဲမှားစွာ ချိတ်ဆက်ခံနေရကြောင်း အဆိုပါလုပ်ငန်းရှင်အသိုက်အဝန်းမှသိရသည်။"ကျွန်မတို့က တရားဝင်လိုင်စင်နဲ့ ရိုးရိုးသားသားအလှပြင်ဆိုင်ဖွင့်တာပေါ့နော်၊ ဒါပေမယ့်လည်း ဆီလူးမာဆပ်အနှိပ်ခန်းတွေနဲ့ရောပြီး အထင်သေးခံနေရတယ်” ဟု မန္တလေးမြို့လယ်ခေါင် တရားဝင်လုပ်ငန်းလိုင်စင်ဖြင့်ဖွင့်လှစ်လုပ်ကိုင်နေသည့် အဆင့်မြင့်အလှပြင်ဆိုင်တစ်ခုမှမန်နေဂျာကပြောသည်။အမျိုးသမီးငယ်များဖြင့် စည်းရုံးဆွဲဆောင်ဝန်ဆောင်မှုပေးသည့် အနှိပ်ခန်းလုပ်ငန်းနှင့် မှားယွင်းဆက်ဆံခံနေရသည့်အတွက် စိတ်အနှောင့်အယှက်ဖြစ်နေကြခြင်းဖြစ်ကြောင်းလည်း အဆိုပါလုပ်ငန်းရှင်များက ဆိုသည်။ထို့ကြောင့်၊ တရားမဝင်အနှိပ်ခန်းလုပ်ငန်းများအား၊ အွန်လိုင်းပေါ်ကြော်ငြာနေခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်က တားမြစ်ပေးစေလိုတယ်လို့ အလှပြင်ဆိုင်လုပ်ငန်းရှင်များက ဆိုသည်။



