ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် စိုင်ယွတ်အမျိုးသားဥယျာဉ်ထဲတွင် လက်လုပ်သေနတ်ဖြင့် အမဲလိုက်နေသော မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေက စိုင်ယွတ်အမျိုးသားဥယျာဉ်ထဲတွင် အာဏာပိုင်များက ကင်းလှည့်နေစဉ် အမဲလိုက်ရန် ချောင်းကြည့်နေသော အမျိုးသားတစ်ဦးကို ငှက်ပျောတောထဲ၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။အမျိုးသားသည် မျက်နှာဖုံးပုံစံ ဝတ်ဆင်ထားပြီး တိရစ္ဆာန်များကို အမဲလိုက်ရန်အတွက် လက်လုပ်သေနတ်ဖြင့် ချောင်းကြည့်နေသဖြင့် အာဏာပိုင်အဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ဟုဆိုသည်။ဖမ်းဆီးခံရသူသည် အသက် ၂၉ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းနှင့်အတူ လက်လုပ်သေနတ်၊ ဓါးနှင့် အခြားဆက်စပ်ပစ္စည်းများကို တွေ့ရှိခဲ့ဟု သတင်းတွင်ပါရှိသည်။မြန်မာအမျိုးသားသည် ရှဉ့်အပါအဝင် တိရိစ္ဆာန်များကို အမဲလိုက်ရန်အတွက် အမျိုးသားဥယျာဉ်ထဲသို့ ခိုးဝင်ခဲ့ကြောင်း ဝန်ခံခဲ့ဟုဆိုသည်။ဖမ်းဆီးခံရချိန်တွင် တိရိစ္ဆာန်တစ်ကောင်မှ မမိသေးကြောင်း သတင်းတွင် ဖော်ပြထားချက်အရသိရသည်။သက်သေခံပစ္စည်းများကို သိမ်းဆည်း၍ စိုင်ယွတ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး ခွင့်ပြုချက်မရှိဘဲ အမျိုးသားဥယျာဉ်ထဲ ဝင်ရောက်မှုနှင့် တိရိစ္ဆာန်များကို အန္တရာယ်ပြုမှုဖြင့် အမှုဖွင့်ထားသည်။



