ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အငြင်းပွားမှု တိုက်ပွဲ ၈ ရက်မြောက်နေ့မှာ ကမ္ဘောဒီးယားဘက်က စစ်သား ၅၀၅ ယောက် ကျဆုံးခဲ့ကြောင်း ထိုင်းတပ်မတော် (ကြည်းတပ်) ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ဒီဇင်ဘာ ၈ ရက်မှ ၁၅ ရက်ထိ ၈ ရက်တာ တိုက်ပွဲတွေအတွင်း ကမ္ဘောဒီးယားစစ်တပ် ခြေကုပ်စခန်းပေါင်း ၈၂ နေရာကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ကမ္ဘောဒီးယားစစ်သည် ၅၀၅ ယောက် ကျဆုံးသွားကြောင်း ထိုင်းတပ်မတော် (ကြည်းတပ်) ဒုတိယ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး ရစ်ချား ဆုခ်ဆုဝါနွန်းက ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းသတင်းစာရှင်းပွဲမှာ ပြောပါတယ်။တိုက်ပွဲအတွင်း ကမ္ဘောဒီးယားစစ်တပ်ရဲ့ BM-21 ဒုံးကျည်တခု၊ တင့်ကား ၁၂ စီး၊ စစ်လက်နက်တင်ကား ၁၀ စီး၊ တာဝေးပစ်လက်နက်ကြီး ၇ လက်၊ ဒရုန်းဖျက်ကရိယာ ၅ ခု၊ ဒရုန်း ၁၇၅ စင်းတို့ကို သိမ်းဆည်းရမိပြီး ဆက်သွယ်ရေးဧရိယာတိုင် ၅ တိုင်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။



