ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့၊ (၇) ရက်ကွက်၊ ၁၉ လမ်းတွင် ၂၄ နာရီ ပိတ်ရက်မရှိ လောင်းကစားဝိုင်းများကို ဌာနဆိုင်ရာများအား သိန်း၃၀၀ပေးပြီး ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး ဖဲဝိုင်း၊ လေးကောင်ဂျင်၊ ဂလုံးဂလုံး စသည့် လောင်းကစားမျိုးစုံ ပါဝင်သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။ယင်းလောင်းကစား ဖွင့်ထားသည့် ခြံဝိုင်းသည် ကျယ်ကျယ်ဝန်းဝန်း ရှိသဖြင့် လူထောင်ချီ လောင်းကစားလုပ်၍ ရသည့်နေရာ ဖြစ်ပြီး လောင်းကစားရုံအတွင်းမှ နေ့နေ့ညည မီးစက်သံများ အော်ဟစ် ဆူညံသံများ ကျယ်လောင်သဖြင့် ပတ်ဝန်းကျင်အတွက် အနှောင့်အယှက်လည်း ဖြစ်ရကြောင်း အခြား သတင်းရင်းမြစ် တစ်ဦးကလည်း ဆိုသည်။ လားရှိုးမြို့တွင် လောင်းကစားဝိုင်းများ ပေါများလာခဲ့ပြီး ခိုးမှု၊ လုယက်မှုများလည်း မကြာခဏ ဖြစ်ပွားလျက်ရှိသည်။



