မြန်မာနိုင်ငံမှာ အသည်းရောင်အသားဝါစီပိုး ကင်းစင်ပပျောက်အောင် ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ပြောပါတယ်။ဒီဇင်ဘာ၁၃ရက်က ရန်ကုန်မြို့ Lotte Hotelမှာကျင်းပတဲ့ အာရှ-ပစိဖိတ်ဒေသ အသည်းရောဂါ ဆေးပညာရှင်များညီလာခံဖွင့်ပွဲမှာ အခုလိုပြောကြားခဲ့တာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ ၂၀၁၇ခုနှစ်ကစပြီး အသည်းရောင်အသားဝါစီရောဂါ ထိန်းချုပ်ရေးစီမံချက်အရ ဆေးကုသပေးနေပြီး တစ်နိုင်ငံလုံးကိုလည်း ဆေးဝါးတွေ အခမဲ့ထောက်ပံ့ပေးနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင်အသည်းအမာရွတ်ဖြစ်တာကို တိကျစွာအကဲဖြတ်နိုင်မဲ့ စက်ပစ္စည်းတွေကိုလည်း ပြည်သူ့ဆေးရုံတွေမှာ တပ်ဆင်ပေးတာ၊ အစာအိမ်နဲ့ အူလမ်းကြောင်းကြည့် မှန်ပြောင်းတွေကို ကုတင်၂၀၀နဲ့အထက် ပြည်သူ့ဆေးရုံကြီးတွေကို ထောက်ပံ့ပေးတာ၊ အသည်းကင်ဆာဝေဒနာရှင်တွေအတွက် အသည်းဆေးဖျန်းကုသပေးတာတွေကို ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ဒီညီလာခံကို ဒီဇင်ဘာ၁၃ရက်ကနေ ၁၄ရက်အထိ ကျင်းပတာဖြစ်ပြီး တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ ဂျပန်၊ တူကီယဲ၊ ဩစတြေးလျ၊ အာမေးနီးယားနဲ့ အာဆီယံနိုင်ငံတွေက အသည်းရောဂါပညာရှင်၄၅ဦးနဲ့ မြန်မာနိုင်ငံက အသည်းရောဂါပညာရှင်တွေ၊ အထူးကုဆရာဝန်ကြီးတွေ၊ ဆရာဝန်တွေ စုစုပေါင်း ၃၂၀ခန့်တက်ရောက်ကြတယ်လို့ သိရပါတယ်။ညီလာခံမှာ အသည်းခြောက်ရောဂါကြောင့် အသည်းနဲ့ကိုယ်တွင်းအင်္ဂါပျက်စီးခြင်းအတွက် ကုသရေးနည်းလမ်းတွေကို ဆွေးနွေးသွားကြမှာဖြစ်တယ်လို့လည်း သိရပါတယ်။



