ပြည်တွင်းရှိငလျင်ဘေးသင့်ပြည်သူများအတွက် ကိုရီးယားသမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ် - ၃ (၂၀၂၅) အရ ဆန်များထပ်မံလှူဒါန်းခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ထိုသို့လှူဒါန်းရာမှာ အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်-၃ (၂၀၂၅)အရ ကိုရီးယားသမ္မတနိုင်ငံမှ ဆန် တန် ၃၀၀၀၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆန် ၂၇၅ တန် နှင့် APTERR အစီအစဉ်-၃ ပုံမှန်အစီအစဉ်ဖြင့် လှူဒါန်းခြင်းအရ ကိုရီးယားသမ္မတနိုင်ငံမှ ဆန် တန် ၂,၀၀၀ ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆန် ၃၇၅ တန်တို့နှင့်စပ်လျဉ်းသည့် သဘောတူညီမှုစာချွန်လွှာ (Memorandum of Agreement -MoA) ၄ စောင်ကို နေပြည်တော်ရှိ ရုံးအမှတ်(၁၅)၌ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် APTERR အတွင်းရေးမှူးချုပ်ရုံးမှ အထွေထွေမန်နေဂျာ Dr. Choomjet Karnjanakesorn တို့က လက်မှတ်ရေးထိုးခဲ့ကြကြောင်းလည်း သိရပါတယ်။ လက်မှတ်ရေးထိုးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် APTERR အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ငလျင်ကြီးအပြီး APTERR အစီအစဉ်-၃ အရ ကိုရီးယားသမ္မတနိုင်ငံမှလှူဒါန်းသည့် ဆန်တန်ချိန် ၃,၀၀၀ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ဆန်တန်ချိန် ၅၀၀ တို့ကို ဘေးသင့်ဒေသပြည်သူများထံ ဖြန့်ဝေပေးခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ ယခု ကိုရီးယားသမ္မတနိုင်ငံမှ ထပ်မံ လှူဒါန်းသည့် ဆန်တန်ချိန် ၃,၀၀၀ နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ထပ်မံလှူဒါန်းသည့် ဆန် ၂၇၅ တန်တို့ကို ငလျင်ဘေးသင့် ပြည်သူများထံ ဆက်လက် လှူဒါန်းသွားမည်ဖြစ်တယ်လို့ သိရပါတယ်။ဒါ့အပြင် APTERR အစီအစဉ်-၃ ၏ ပုံမှန်အစီအစဉ်အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသည့် ဆန်တန်ချိန် ၂,၀၀၀ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ဆန် ၃၇၅ တန်တို့ကိုတော့ သဘာဝဘေးကြုံတွေ့လာရပါက ဖြန့်ဝေလှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။



