ထိုင်းနဲ့ ကမ္ဘောဒီးယားတို့အကြား နယ်စပ်ပြဿနာကြောင့် တိုက်ခိုက်မှုတွေကို ဒီဇင်ဘာ ၁၂ ရက်နေ့ ညနေပိုင်းကစပြီး ရပ်တန့်ဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့က သဘောတူခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။ လူအယောက် ၂၀ ထက်မနည်း သေဆုံးပြီး ငါးသိန်းကျော် နေရပ်စွန့်ခွာခဲ့တရတဲ့ မကြာသေးမီက ရက်များအတွင်း နယ်စပ်ပဋိပက္ခတွေကြောင့် လူသေဆုံးမှုတွေ ဖြစ်ပွားပြီးနောက်မှာ ဒေါ်နယ်ထရန့်ဟာ ဝန်ကြီးချုပ်နှစ်ယောက်စလုံးနဲ့ တယ်လီဖုန်းဆက်သွယ် ဆွေးနွေးခဲ့တာလည်းဖုစ်ပါတယ်။လက်ရှိအချိန်ထိ ဒီကိစ္စအပေါ်မှာ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် နှစ်ဦးစလုံးက မှတ်ချက်မပေးသေးပါဘူး။ဒါပေမယ့် ထရန့်ရဲ့ အစောပိုင်းက ဖုန်းခေါ်ဆိုမှုအပြီးမှာတော့ ထိုင်းဝန်ကြီးချုပ် အနုတင်က သတင်းစာရှင်းလင်းပွဲတခုမှာ ပြောကြားရာမှာတော့ ကမ္ဘောဒီးယားဟာ ပစ်ခတ်မှုတွေကို ရပ်တန့်ပြီး သူ့ရဲ့တပ်တွေကို ရုပ်သိမ်းကာ မြေမြှုပ်မိုင်းတွေအားလုံးကို ဖယ်ရှားပေးမယ်ဆိုတဲ့ ကြေငြာချက် ထွက်ပေါ်လာလိမ့်မယ်လို့ ဆိုပါတယ်။ ထရန့်ကတော့ ထိုင်းနဲ့ ကမ္ဘောဒီးယား ခေါင်းဆောင်တွေမှာ ဒီညနေမှာ ပစ်ခတ်မှုအားလုံးကို ရပ်တန့်ဖို့နဲ့ ကျွန်တော်နဲ့ ချုပ်ဆိုထားတဲ့ မူလငြိမ်းချမ်းရေးသဘောတူညီချက်ကို ပြန်သွားဖို့ သဘောတူညီခဲ့ကြပါတယ် လို့ ပြောကြားခဲ့ပါတယ်။ နှစ်နိုင်ငံစလုံးဟာ ငြိမ်းချမ်းရေးနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်လက်ပြီး ကုန်သွယ်မှုအတွက် အသင့်ဖြစ်နေပါပြီ လို့ ထရန့်က ပြောပါတယ်။ ကမ္ဘောဒီးယားနိုင်ငံက ထိုင်းနိုင်ငံထဲကို ရော့ကတ်တွေ ပစ်လွှတ်ခဲ့ပြီး ထိုင်းကလည်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်ခဲ့တာကြောင့် ကြာရှည်စွာ တည်ရှိနေတဲ့ နယ်စပ်အငြင်းပွားမှုဟာ ဇူလိုင်လ ၂၄ ရက်နေ့ကစပြီး ဆိုးရွားခဲ့ပြီး ထရန့်နဲ့ မလေးရှားဝန်ကြီးချုပ်တို့ရဲ့ ကြားဝင်စေ့စပ်မှုအရ ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိခဲ့တာဖြစ်ပါတယ်။



