ကချင်ပြည်နယ် ဖားကန့်မြို့ မော်ဝမ်းကြီး ဈေးအနီးရှိ ကျောက်တိုင်ကွင်းအနောက်လမ်းတွင် အများသူငှာသွားလာမှုပြုလုပ်နေသည့် လမ်းမပေါ်တွင် စွန့်ပစ်အမှိုက်များ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာ၍ လက်ရှိအချိန်တွင် အနံ့အသက်ဆိုးဝါးခြင်းနှင့် လူသွားလူလာလမ်းများပေါ်အထိ အမှိုက်များရောက်ရှိနေသည်မှာ နှစ်လနီးပါးရှိနေပြီဖြစ်ကြောင်း ဖားကန့်မြို့နေ ဒေသခံပြည်သူတစ်ဦးက ပြောသည်။အဆိုပါ အမှိုက်ပုံသည် ဖားကန့်မြို့လယ်ခေါင်ရှိ ဈေးအနီးတွင်ရှိပြီး ယင်းအမှိုက်ပုံအား ဖားကန့်မြို့နယ်စည်ပင်သာယာရေးမှ နိုင်ငံရေးကောင်းမွန်စဉ်က နေ့စဉ် ရှင်းလင်းဆောင်ရွက်ပေးသော်လည်း လက်ရှိတွင် နိုင်ငံရေး၊ စစ်ရေး အခြေအနေများကြောင့် အမှိုက်စွန့်ရန် အမှိုက်ကျင်းသို့ သွားရာလမ်း၌ ခက်ခဲမှုများရှိနေပြီး အမှိုက်များစွန့်ပစ်ရန် နေရာသစ်ဖော်ရန်မှာလည်း အခက်အခဲများရှိနေကြောင်း စည်ပင်သာယာရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးကထံက သိရသည်။အဆိုပါ အမှိုက်များရှင်းလင်းစေရန် ဖားကန့်မြို့နယ်စည်ပင်သာယာရေးမှ ယခင်က မှော်စီစာကျေးရွာဘက်တွင် သွားရောက်စွန့်ပစ်ခြင်းများ ပြုလုပ်သော်လည်း ကျေးရွာနေပြည်သူများက ဝိုင်းဝန်းကန့်ကွက်တားမြစ်ခဲ့၍ အမှိုက်စွန့်ပစ်ရန် နေရာ အခက်အခဲကြောင့် ယခုလို ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း အထက်ပါ နီးစပ်သူတစ်ဦး၏ ပြောဆိုမှု အရသိရသည်။



