ဆွစ်ဇာလန်နိုင်ငံ၊ ဘေဆယ်လ်မြို့အခြေစိုက် NGO အဖွဲ့အစည်းတခု ဖြစ်တဲ့ Basel Institute on Governance ရဲ့ ကမ္ဘာ့ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အညွှန်းကိန်းမှာ မြန်မာက အန္တရာယ်ရှိဆုံး ဖြစ်တယ် ဆိုတဲ့ အဆင့်သတ်မှတ်ချက်အပေါ် ကန့်ကွက်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ဗဟိုဘဏ်ကတော့ အအဆင့်သတ်မှတ်ချက်ဟာ ငွေကြေးဆိုင်ရာ အရေးယူ ဆောင်ရွက်ရေးအဖွဲ့ (FATF) လို ခိုင်မာတဲ့ နိုင်ငံတကာ လိုက်နာဆောင်ရွက်ဖို့ လိုအပ်တဲ့ စံနှုန်း သတ်မှတ်ချက်တွေနဲ့ Methodology တွေ ချမှတ်ပြီး အကဲဖြတ် ဆောင်ရွက်ခဲ့ခြင်းမျိုး မရှိဘူးလို့ ထောက်ပြ ပြောဆိုထားပါတယ်လက်ရှိမှာ မြန်မာနိုင်ငံအနေနဲ့ FATF မှ ထုတ်ပြန်ထားတဲ့ Methodology ပါ စံနှုန်း သတ်မှတ်ချက်တွေကို လိုက်နာပြီး AML/ CFT/ CPF ဆိုင်ရာ လုပ်ငန်းတွေကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတယ်လို့ ဆိုပါတယ်။Basel AML Index 2025 အရ နိုင်ငံနဲ့ ဒေသပေါင်း ၁၇၇ နိုင်ငံအနက် လာအိုကို အမှတ်စဉ် ၇ ၊ ဗီယက်နမ်နိုင်ငံကို အမှတ်စဉ် ၁၉၊ နီပေါနိုင်ငံကို အမှတ်စဉ် ၄၉ မှာ ဖော်ပြထားပေမယ့် ကိုရီးယားနိုင်ငံနဲ့ အီရန်နိုင်ငံတို့ ပါဝင်ခြင်း မရှိတာကို တွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။Basel AML Index 2025 မှာ ဖော်ပြထားချက်အရ မြန်မာနိုင်ငံဟာ အခုလို ငွေကြေးခဝါချမှုအတွက် အန္တရာယ်အရှိဆုံး နေရာကို ရောက်ရှိနေရခြင်းဟာ လက်ရှိ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ နိုင်ငံတကာ ပိတ်ဆို့မှုတွေ၊ အုပ်ချုပ်မှု အားနည်းခြင်းနဲ့ ပဋိပက္ခ အခြေအနေတွေကြောင့် ဖြစ်ပြီး ဒီအကြောင်းအရာတွေက တရားမဝင် ငွေကြေး စီးဆင်းမှုတွေကို ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပါတယ်။ငွေကြေးဆိုင်ရာ အရေးယူ ဆောင်ရွက်ရေးအဖွဲ့ (FATF) အနေနဲ့ မြန်မာနိုင်ငံကို မြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံတို့လို အမည်ပျက်စာရင်း (Black List) မှာ ထည့်သွင်းထားခြင်းမျိုး မဟုတ်ဘဲ အလေးထား စိစစ်မှုတွေ တိုးမြှင့်ဆောင်ရွက်ရန် (EDD) စာရင်းမှာသာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။



