ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ အုန်းနွဲ့ ရှိ တရုတ်နိုင်ငံသားလုပ်ငန်းရှင်ပိုင်တဲ့ ဦးထုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား ၂၀၁ ဦးအား နေထိုင်ခွင့် သက်တမ်းတိုးခြင်းနဲ့ သူဌေးပြောင်းမည်ဆိုကာ ဘတ်၂ သန်းကျော် တောင်းယူပြီး မြန်မာပွဲစားဆိုသူက တာဝန်မယူဘဲ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ထိုအမှုကို ကူညီပေးနေတဲ့ မြန်မာအလုပ်သမားအခွင့်အရေးဆောင်ရွက်ပေးသော MHAC မဟာမိတ်အဖွဲ့ ထံမှ သိရပါတယ်။ ငွေယူသွားတဲ့ ပွဲစားဆိုသူဟာ အချိန် ၃ လကြာမြင့်တဲ့အထိ ဘာမှလုပ်မပေးဘဲ ငွေတွေယူပြီး ထွက်ပြေးတိမ်းရှောင်နေတာလည်းဖြစ်ပါတယ်။ဒါကြောင့် မြန်မာအလုပ်သမားတွေက ပွဲစားနဲ့ ဆောင်ရွက်ခွင့် ပြုခဲ့တဲ့ လုပ်ငန်းရှင်သူဌေး ကို ဆက်လက် တာဝန်ယူပေးဖို့ တောင်းဆိုခဲ့ပေမယ့် တာဝန်မယူပေးတဲ့အပြင် ကြိုက်တဲ့နေရာဌာန ကို တိုင်ကြားနိုင်တယ်လို့ ရင့်သည်းစွာ ပြောဆိုခဲ့တဲ့ အတွက် နစ်နာသူ အလုပ်သမားတွေက MHAC မဟာ မိတ်အဖွဲ့ထံ ဆက်သွယ် အကူညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။



