ပြည်တွင်း၌လက်လီစျေးကွက်အတွင်းတွင် အကြော်ခံဆီများကို ဝယ်ယူမှုများလာပြီး အခြားသောဆီများထက် အရောင်းသွက်သော အခြေအနေမျိုးဖြစ်လာကြောင်း ရန်ကုန်မြို့၊ ဆင်ခြေဖုံးရပ်ကွက်များရှိ လက်လီစျေးများအတွင်းမှ သိရသည်။အဆိုပါ အကြော်ခံဆီမှာ ယခင်ကစျေးကွက်အတွင်းရောင်းချနေသော ပဲအရောဆီထက်ပင် စျေးနှုန်းအားဖြင့် များစွာသက်သာလျက်ရှိပြီး စားအုန်းဆီ၏ ပြင်ပပေါက်စျေးနှုန်းအောက်လျော့ကျသော အခြေအနေမျိုးလည်း ဖြစ်သည်။အခုနောက်ပိုင်း အကြော်ခံဆီဆိုပြီးတော့ ဝင်လာတာ၊ ကျွန်မတို့လည်း ဒါပဲဝယ်သုံးဖြစ်တယ်လေ၊ စျေးတွေကကြီးတော့ စားအုန်းဆီတောင်မှ ဝယ်သုံးရင်မကိုက်ချင်ဘူး၊ အခုဟာလေးက မဆိုးဘူးလို့ပြောရမယ်”ဟု အကြော်ဆိုင်ဖွင့်ထားသူ တစ်ဦးက ပြောသည်။လက်လီစျေးများတွင် ယခင်က စားအုန်းဆီများနှင့် ပဲအရောဆီတို့ကိုသာ ပျံကျစျေးသည်များနှင့် ဒေသခံများကြား ဝယ်ယူမှုများပြားသော်လည်း အဆိုပါအကြော်ခံဆီဝင်ရောက်လာပြီးနောက်တွင် စားအုန်းဆီနှင့်အကြော်ခံဆီတို့ထက် ပိုမို၍ အရောင်းသွက်လာသော အခြေအနေမျိုးလည်းဖြစ်လာခဲ့သည်။စားအုန်းဆီတောင် ကြော်တာနည်းနည်းများရင် ဆီကမည်းညစ်သွးရော၊ သူကမမည်းဘူးလေ၊ စျေးကလည်းမဆိုးဘူး ဆိုတော့ ဒါပဲဝယ်သုံးဖြစ်နေတာ”ဟု ဆင်ခြေဖုံးရပ်ကွက်အတွင်း ထမင်းဆိုင်ဖွင့်ထားသူတစ်ဦးက ပြောသည်။လက်လီစျေးကွက်အတွင်းတွင် ပဲအရောဆီမှာ တစ်ပိဿာလျှင် ၁၄,၀၀၀ ကျပ်မှ ၁၆,၀၀၀ ကျပ်ဝန်းကျင်ကြား၊ စားအုန်းဆီမှာ ပြင်ပပေါက်စျေး ၈၀၀၀ ကျပ်မှ ၉၅၀၀ ကျပ်ကြားဖြင့်ရှိနေပြီး အဆိုပါ အကြော်ခံဆီမှာ ၆,၅၀၀ ကျပ်မှ ၇,၀၀၀ ကျပ်ကြား ဖြစ်သည့်အတွက် ဝယ်လိုအားကောင်းနေသော အခြေအနေမျိုးလည်း ဖြစ်နေကြောင်း သိရသည်။



