တောင်ကိုရီးယားမှာတော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ အမှတ်ကောင်းပြီး အဆင့်မြင့် တက္ကသိုလ်တွေ တက်ခွင့်ရဖို့ ဆိုတာဟာ ဘဝတစ်ဆစ်ချိုး လမ်းဆုံလမ်းခွလို့တောင် ဆိုနိုင်ပြီး အထူးအလေးထားကြပါတယ်။ ဒါပေမဲ့ နိုဝင်ဘာလတုန်းက ပြုလုပ်ခဲ့တဲ့ စာမေးပွဲမှာ ကျောင်းသူကျောင်းသား အများစုက အင်္ဂလိပ်စာ မေးခွန်းတွေဟာ လွန်လွန်ကျွံကျွံ ရှုပ်ထွေးလွန်းတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။ရလဒ်တွေ ထွက်လာတဲ့အခါမှာတော့ တောင်ကိုရီးယား တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေ သမိုင်းတလျှောက် အင်္ဂလိပ်စာ ရမှတ်အမြင့်ဆုံး ကျောင်းသား အချိုးအစားဟာ စံချိန်တင် အနည်းဆုံးအဖြစ် မှတ်တမ်းဝင်လာခဲ့ပါတယ်။ စုစုပေါင်း ဖြေဆိုသူ ကျောင်းသား အားလုံးထဲက ၃.၁၁ ရာခိုင်နှုန်းသာ ဂုဏ်ထူးထွက်ခဲ့ပါတယ်။အင်္ဂလိပ်စာ ဂုဏ်ထူးထွက်တဲ့ကျောင်းသား နည်းသွားတဲ့အတွက် ကိုရီးယား သင်ရိုးနဲ့ ပညာရေး ဆန်းစစ်မှုဌာန (KICE)ရဲ့ ညွှန်ကြားရေးမှူး အိုဆွန်ဂိုလ်က ရာထူးကနေ နုတ်ထွက်သွားခဲ့ရတာ ဖြစ်ပါတယ်။ KICEရဲ့ ထုတ်ပြန်ချက်မှာတော့ ၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ အင်္ဂလိပ်စာ မေးခွန်းနဲ့ ပတ်သက်တဲ့ အငြင်းပွားစရာတွေအတွက် အိုက အပြည့်အဝ တာဝန်ယူဖို့ ဆုံးဖြတ်ခဲ့ကြောင်း ပါရှိခဲ့ပါတယ်။KICEက ဒီပြဿနာနဲ့ ပတ်သက်လို့ အလေးအနက် ပြန်လည် ဆန်းစစ်ပြီး အနာဂတ် စာမေးပွဲတွေမှာ ပိုပြီး သင့်တော်တဲ့၊ တည်ငြိမ်တဲ့ မူဝါဒမျိုးနဲ့ မေးခွန်းထုတ်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ 
တောင်ကိုရီးယားတွင် တက္ကသိုလ် ဝင်တန်း အင်္ဂလိပ်စာ မေးခွန်းခက်အောင်ထုတ်လို့ စာမေးပွဲ အရာရှိချုပ် နုတ်ထွက်လိုက်ရ
Dec 12 • 3:47 AM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


