ပြည်တွင်းစက်သုံးဆီဈေးနှုန်းက၊ PPRD ၏ ယနေ့(သောကြာနေ့)ဈေးနှုန်းအပြောင်းအလဲထုတ်ပြန်ချက်တွင်၊ ဈေးဆက်လက်ကျဆင်းလာသည်ကိုတွေ့ရသည်။အသုံးများသည့်ဓာတ်ဆီဈေးနှုန်းရော၊ ဒီဇယ်ဆီဈေးနှုန်းပါ ဆက်လက်ကျဆင်းလာခြင်းဖြစ်ပြီး၊ ဒီဇယ်ဆီဈေးနှုန်းက တစ်လီတာလျှင်နှစ်ထောင်ကျပ်နားအထိကိုရောက်ရှိလာသည်။“ဓာတ်ဆီဈေးက အရင်တစ်ပတ်မှာ နည်းနည်းလေးမဆိုသလောက်တက်သွားတာကနေ ပြန်ကျတာ၊ ဒီဇယ်ကတော့ အကျကြမ်းတယ်ပြောရမယ်၊ သုံးထောင်ကျော်ဈေးတန်းမှာ နှစ်နဲဲ့ချီပြီး တစ်ထောင်ထောင်ဖြစ်နေရာကနေ အခု နှစ်ထောင်နားအထိဈေးကျလာတာ၊ အရင်တစ်ပတ်က တစ်လီတာကိုနှစ်ရာလောက်ဈေးကျတယ်၊ ဒီတစ်ပတ် တစ်ရာလောက်ထပ်ကျတာ” ဟုစက်သုံးဆီဈေးကွက်စောင့်ကြည့်လေ့လာသူတစ်ဦးက ပြောသည်။ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ဗဟိုဘဏ်ကအမေရိကန်ဒေါ်လာဆက်တိုက်ထုတ်ရောင်းပေးပြီးနောက်၊ အကျဘက်ဆက်တိုက်ဖြစ်ခဲ့ပြီး၊ ၂၀၂၃ ခုနှစ်နောက်ပိုင်း တစ်လီတာလျှင် ကျပ်သုံးထောင်နှင့်အထက် ဈေးရှိခဲ့ရာမှ၊ ပြီးခဲ့သည့်ဇူလိုင်လဒုတိယပတ်ကစ၍ ကျပ်သုံးထောင်အောက်သို့တဖြည်းဖြည်းကျဆင်းလာသည်။PPRD ၏ သတ်မှတ်ဈေးနှုန်းအရ ယခင်တစ်ပတ်က ဓာတ်ဆီ 92 တစ်လီတာလျှင် ၂,၅၂၅ ကျပ်၊ 95 တစ်လီတာ လျှင် ၂,၆၁၀ ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် ၂,၃၃၀ ကျပ်၊ ဒီဇယ်(ပရီမီယံ)တစ်လီတာလျှင် ၂၈၀၅ ကျပ် ဖြစ်ပြီး၊ ယနေ့ဈေးနှုန်းအပြောင်းအလဲတွင် ဓာတ်ဆီ 92 က ၂,၄၉၀ ကျပ်၊ 95 က ၂,၅၄၀ ကျပ်၊ ဒီဇယ်(ရိုးရိုး)က ၂,၂၄၅ ကျပ်နှင့် ဒီဇယ်(ပရီမီယံ)က ၂,၆၈၅ ကျပ်ဖြစ်သွားကြောင်းသိရသည်။အဆိုပါဈေးနှုန်းများသည် ရန်ကုန်တိုင်းဒေသကြီးအတွက်ဖြစ်ပြီး၊ မြို့အလိုက်ဈေးနှုန်းအနည်းငယ်ကွာဟမှုရှိသည်။ပြည်တွင်းစက်သုံးဆီဈေးနှုန်းများကို၊ PPRD-Petroleum Products Regulatory Department (စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ)က တစ်ပတ်လျှင်တစ်ကြိမ် သောကြာနေ့တိုင်း ပြောင်းလဲသတ်မှတ်နေခြင်းဖြစ်ပြီး၊ ရန်ကုန်၊ မန္တလေးနှင့်နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးကို ၎င်းကချုပ်ကိုင်ထားသည်။



