ချင်းပြည်နယ်၊တီးတိန်မြို့ရှိ စာသင်ကျောင်းတချို့မှာ ဖြစ်ပွါးခဲ့တဲ့ ကျောင်းတွင်း ရန်ပွဲများနဲ့ ပတ်သက်ပြီး မနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ နေလည်ပိုင်းမှာ တီးတိန်မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဦးဆောင်ပြီး သက်ဆိုင်သူ အားလုံးကို အထက (၁) ကျောင်းမှာ ခေါ်ယူ စစ်ဆေးကာ ကျေအေး စေခဲ့ကြောင်း တီးတိန်မြို့နေ ပြည်သူ တဦးထံမှ သိရှိရ ပါတယ်။ရန်ပွဲ ဖြစ်ရတဲ့ အကြောင်းရင်း က ကျောင်းသား အချင်းချင်း ကြားမှာ ရန်စ ရှိခဲ့တာကြောင့် ဖြစ်ကြောင်း၊ အရင်ကတည်းက ကျောင်းပြင်ပတွင် ရန်ပွဲ ဖြစ်ခဲ့ဖူးကြောင်း၊ အချင်းချင်း ကျောင်းတွင်မှာ စနောက်ခဲ့တာ ကြောင့် အခုလို ပြင်ပမှာ ရှိတဲ့ သူငယ်ချင်း ဖြစ်သူ Van (နာမည် အပြည့်အစုံ မဟုတ်ပါ) ကို ဦးဆောင်စေပြီး ရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးချက်များ အရ သိရတယ် လို့လည်း တီးတိန်မြို့ခံ မှ ဆက်လက် ရှင်းပြ ခဲ့ပါတယ်။တီးတိန်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့က ကျောင်းသား တစုမှ အုပ်စုဖွဲ့ ပြီး အထက (၁) မှ ကျောင်းသား တဦး နှင့် အထကခွဲ မှ ကျောင်းသား တဦးကို အဓိက ပစ်မှတ်ထားပြီး ရိုက်နှက် ထိုးကြိတ်သည့် ဗီဒီယိုဖိုင် ထွက်ပေါ်လာ ပြီး နောက် သက်ဆိုင်ရာက အခုလို ခေါ်ယူ စစ်ဆေး ကျေအေး စေခဲ့ခြင်း ဖြစ်တယ် လို့လည်း ဆက်လက် သိရှိရ ပါတယ်။


