ရခိုင်ပြည်မြို့တော် စစ်တွေမြို့ကိုတည်ခဲ့တဲ့ နှစ်(၂ဝဝ)ပြည့်ပွဲကို လာမဲ့ ၂ဝ၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်ကနေ ၂၃ ရက်အထိ စစ်တွေမြို့မှာ သုံးရက်ကြာကျင်းပသွားမယ်လို့ သိရပါတယ်။အဲဒီပွဲတော်ကို ရခိုင်ပြည်စစ်ကော်မရှင်က ဦးဆောင်ကျင်းပသွားမှာဖြစ်ပြီး ပွဲကျင်းပရေးကော်မတီဝင်တွေကိုလည်း စစ်တွေမြို့က အရပ်ဘက်နဲ့ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းဖွဲ့စည်းထားပြီလို့ သိရပါတယ်။ဝင်္ကဘာကွင်းအတွင်းမှာလည်း အားကစားပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေ၊ ယိမ်းအကတွေ၊ မိုနို၊ စတီရီယို တေးသံသာတွေနဲ့ ည ၈ နာရီအထိ ဖျော်ဖြေတာ၊ စစ်တွေမြို့ရဲ့ ရှေးဟောင်းအမှတ်တရဓာတ်ပုံတွေ၊ စစ်တွေမြို့ဖွား ထင်ရှားခဲ့တဲ့ ရဟန်း၊ ရှင်၊ လူပုဂ္ဂိုလ်တွေ၊ ကိုလိုနီခေတ်မှသည် ဒီနေ့အထိတည်ရှိနေသေးတဲ့ အဆောက်အအုံတွေ၊ စစ်တွေမြို့နဲ့ပတ်သက်ပြီး ရေးဖွဲ့ထားတဲ့ကဗျာတွေကို ဗီနိုင်းကားချပ်တွေနဲ့ ချိတ်ဆွဲပြီး ခေတ်ကိုထင်ဟပ်တဲ့ ကာတွန်းကားချပ်(၁၀၀)လောက်ကိုလည်း ချိတ်ဆွဲပြသသွားမယ်လို့ ဆိုပါတယ်။



