ဆူဒန်လေတပ်က လူနေရပ်ကွက်တွေ၊ ဈေးတွေ၊ စာသင်ကျောင်းတွေနဲ့ စစ်ဘေးရှောင် စခန်းတွေကို ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် သေဆုံးသူ အရပ်သား ၁,၇၀၀ ထက်မနည်း ရှိကြောင်း ဆူဒန် ပြည်တွင်းစစ်အတွင်း လေကြောင်းတိုက်ခိုက်မှု စုံစမ်း စစ်ဆေးမှုအရ သိရပါတယ်။၂၀၂၃ ခုနှစ် ဧပြီလမှာ စတင်ခဲ့တဲ့ ပြည်တွင်းစစ်အတွင်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ အများဆုံး အချက်အလက်တွေကို စုစည်းတင်ပြထားတာ ဖြစ်တယ်လို့ Sudan Witness Project က ပြောပါတယ်။အဲဒီ စုံစမ်းစစ်ဆေးမှုအတွင်း ဆူဒန် လေတပ်ဟာ ပဲ့ထိန်းစနစ် မပါတဲ့ ဗုံးတွေကို သုံးပြီး လူနေထူထပ်တဲ့ ဒေသတွေကို တိုက်ခိုက်နေကြောင်း ဖော်ပြထားပါတယ်။အဲဒီ အချက်အလက်တွေက ဆူဒန် လေတပ် SAF မှာပဲရှိတဲ့ တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေကိုပဲ စုံစမ်းစစ်ဆေးထားတာ ဖြစ်ပါတယ်။ဆူဒန် စစ်တပ်ကို တိုက်ခိုက်နေတဲ့ တိုက်လေယာဉ်တွေ မရှိတဲ့ RSF လို့ခေါ်တဲ့ လက်နက်ကိုင်အဖွဲ့က ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ ရှိပေမယ့် အဲဒီ စုံစမ်း စစ်ဆေးမှုမှာ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေကို ထည့်သွင်းထားတာ မတွေ့ရပါဘူး။ဆူဒန်နိုင်ငံ အနောက်ပိုင်း ဒါဖာဒေသမှာ တိုင်းရင်းသားတွေကို RSF က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာကြောင့် နိုင်ငံတကာက ပြစ်တင်ရှုတ်ချထားပြီး အမေရိကန်က လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ စွဲချက်တင်ထားပါတယ်။ထိခိုက်ပျက်စီးမှုတွေ၊ ဥပဒေချိုးဖောက်မှုတွေ အများကြီးအတွက် RSF မှာ တာဝန်ရှိပေမယ့် SAF ကိုလည်း သူတို့ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ခံခိုင်းသင့်တယ်လို့ ထင်ကြောင်း Sudan Witness Project ကို ဦးဆောင်သူ မက်ခ် စနော့ခ်က ဆိုပါတယ်။ဘယ်သူဘယ်ဝါ မခွဲခြားဘဲ ဗုံးကြဲတိုက်ခိုက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို SAF က အရင်ကတည်းက ငြင်းဆိုထားပါတယ်။Sudan Witness အဖွဲ့ကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖော်ထုတ်နေတဲ့ ကိုယ်ကျိုးမဲ့အဖွဲ့အစည်း CIR ခေါ် သတင်းအချက်အလက်အဖွဲ့က တည်ထောင်ထားတာ ဖြစ်ပါတယ်။ဒီစီမံကိန်းအတွက် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနက ရန်ပုံငွေ ထောက်ပံ့ထားတာ ဖြစ်ပါတယ်။ဆူဒန် ပြည်တွင်းစစ်ဟာ အမှန်တကယ်မှာ အရပ်သား ပြည်သူတွေကို တိုက်ခိုက်နေတဲ့ စစ်ပွဲ ဖြစ်တယ်လို့ Sudan Witness အဖွဲ့က ပြောပါတယ်။
ဆူဒန်လေတပ်ရဲ့ မဆင်မခြင် လေကြောင်း တိုက်ခိုက်မှုတွေကို ဆူဒန် စစ်တပ်ရဲ့ မဟာမိတ် လက်နက်ကိုင်တွေကတောင် ပြစ်တင်ရှုတ်ချထားပါတယ်။



