ယနေ့ ဒီဇင်ဘာ ၈ ရက်တွင် ထိုင်းနိုင်ငံ၊ ချွန်ဘူရီ၌ ယှဉ်ပြိုင်ကစားခဲ့သော အရှေ့တောင်အာရှ အမျိုးသမီးဘောလုံးပွဲ၏ အုပ်စု ဒုတိယပွဲစဉ်တွင် မြန်မာအမျိုးသမီးအသင်းသည် မလေးရှားအသင်းကို (၃) ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာအမျိုးသမီးအသင်းသည် ပထမပိုင်း ပွဲကစားချိန် (၂၆) မိနစ်တွင် ကျောနံပါတ် (၈) စန်းသော်သော်၏ ဦးဆောင်ဂိုးဖြင့် စတင် ဦးဆောင်နိုင်ခဲ့ပြီး ပွဲကစားချိန် (၃၅) မိနစ်တွင် မေထက်လူ (ကျောနံပါတ် ၁၃) က ဒုတိယမြောက်ဂိုးကို ထပ်မံသွင်းယူခဲ့သည်။ ဒုတိယပိုင်း ပွဲချိန် (၆၄) မိနစ်အရောက်တွင် ဝင်းသိင်္ဂီထွန်း (ကျောနံပါတ် ၇) က တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သည်။ လက်ရှိတွင်မြန်မာအမျိုးသမီးဘောလုံးအသင်းသည် စုစုပေါင်း နှစ်ပွဲကစား၊ နှစ်ပွဲနိုင် ရလဒ်ဖြင့် အုပ်စုကို ဦးဆောင်လျက်ရှိကြောင်း သိရှိရသည်။



